Home သတင်း BGFနှင့် ပြန်လည်ပူးပေါင်းသည့် ဒု-ရုံးထိုင်မှူးချုပ်ဖြစ်သူ စောဝါးနေမူးကို KTLA မှအပြီးပိုင် ထုတ်ပယ်

BGFနှင့် ပြန်လည်ပူးပေါင်းသည့် ဒု-ရုံးထိုင်မှူးချုပ်ဖြစ်သူ စောဝါးနေမူးကို KTLA မှအပြီးပိုင် ထုတ်ပယ်

1153

ဇွန်လ၊ ၃ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

နယ်ခြားစောင့်တပ်-BGFတပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းလိုက်သည့် ကော်သူးလေအာမီ-KTLA၏ ဒုတိယ ရုံးထိုင်မှူးဖြစ်သည့် စောဝါးနေမူး(ခ)စောအင်္ဂလိပ်ကို အဖွဲ့မှ အပြီးပိုင်ထုတ်ပယ်လိုက်ကြောင်း KTLA ဘက်မှ ယမန်နေ့ ဇွန်လ ၂ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

တာဝန်ထမ်းဆောင်နေစဉ်အတွင်း မိသားစုအပါအဝင် တပ်ဖွဲ့ဝင် (၆) ဦးနှင့်အတူ လက်နက်အချို့ကို ယူဆောင် သွားကာ မေလ ၁၅ရက်နေ့က BGF ထံ သွားရောက်ပူးပေါင်းလိုက်သည်ဟုသိရှိရပြီး လက်ရှိအချိန်တွင် တာဝန် ပေးထားသည့် ဒုတိယ ရုံးထိုင်မှူးရာထူးမှထုတ်ကာ အဖွဲ့မှ အပြီးပိုင်ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း KTLA ဘက်မှ ထုတ်ပြန်လာခြင်းဖြစ်သည်။

စောဝါးနေမူး(ခ) စောအင်္ဂလိပ်ဆိုသူသည် ဩစတေးလျနိုင်ငံမှပြန်လာသည့် ပညာတတ်တစ်ဦးဖြစ်သည့်အတွက် နေရာကောင်းပေးထားခဲ့ကာ BGFနှင့် သွားရောက်ပူးပေါင်းဖို့ရန်အတွက် တစ်စုံတစ်ရာ ပြောဆိုထားခဲ့ခြင်း မရှိသလို KTLAဘက်မှ မသိရှိရကြောင်း KTLAစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောနယ်ဒါးမြကပြောသည်။

“သူ့ကို ကျနော်တို့ကအားကိုးတယ်။ ပြီးတော့ ဧရာဝတီတိုင်းဘက်က လာတယ်ဆိုတော့ ရည်မှန်းချက်ကြီးတဲ့လူ ပြတ်သားပြီး နောင်တစ်ချိန်ခေါင်းဆောင်ဖြစ်လာနိုင်တဲ့လူအဖြစ်နဲ့ ကျနော်တို့က အားထားတယ်။ ဒါပေမယ့် ဘယ်လိုစိတ်ကူးပေါက်ပြီးတော့ ဟိုဘက်စိတ်ပါသွားတာလဲတော့မသိဘူး။ သူရွေးချယ်သွားတဲ့လမ်းဆိုတော့ ရွေးပေါ့” ဟု ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ကေအိုင်စီသို့ပြောသည်။

BGF ထံ သွားရောက်ပူးပေါင်းသည့်အချိန်တွင် ထောက်ပို့အလှူငွေနှင့် ဝယ်ထားသည့် စနိုက်ပါ သေနတ်တစ်လက် ယူသွားသလို နောက်လိုက်ပါသွားသည့် တပ်ဖွဲ့ဝင်အချို့လည်း လုံခြုံရေးအခြေအနေကြောင့် လမ်းတွင် ခွဲထွက် ကာ အဆက်အသွယ်ပြတ်သွားသူလည်းရှိသလို အဆက်အသွယ် ပြန်ရရှိသည့် သူလည်းရှိကြောင်း စောဝါးနေမူး (ခ) စောအင်္ဂလိပ်က ပြောသည်။

ထို့အပြင် BGF နှင့် သွားရောက်ပူးပေါင်းရခြင်းသည်လည်း ဧရာဝတီတိုင်းရှိ ၎င်းတို့၏ ကရင်လူမျိုးအတွက် လုပ်ဆောင်ပေးရန် ရည်ရွယ်ချက်ပါဝင်ကြောင်းလည်း ထိုသို့ပြောသည်။

၎င်းက “သွားရောက်ပူးပေါင်းတာနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျနော်တို့ ကရင်လူမျိုးတွေက အများ အားဖြင့် ဧရာဝတီတိုင်းမှာရှိတယ်။ အဲဒါကြောင့် ပြောရမယ်ဆိုရင် ဧရာဝတီတိုင်းမှာရှိတဲ့ ကျနော်တို့ ကရင် လူထုတွေအတွက်လုပ်ဖို့ဖြစ်တယ်။ အဲဒီလောက်ဘဲပြောလို့ရသေးတယ်”ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် KTLAတပ်ဖွဲ့အတွင်း လုပ်ဆောင်သည့်အချိန်တွင် အကောင်းဆုံးလုပ်ဆောင်ပေးခဲ့သော်လည်း အလုပ်သဘောအရအချို့သည် အကောင်မြင်ခြင်းမရှိသလို KTLAအတွင်းဖြစ်စေ၊ ကရင်အဖွဲ့အစည်း အတွင်း ဖြစ်စေ၊ တော်လှန်ရေးလုပ်ဆောင်သူများသည် စည်းလုံးညီညွတ်မှုမရှိကြောင်းကိုလည်း မြင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

စောဝါးနေမူး(ခ) စောအင်္ဂလိပ်သည် KTLA အဖွဲ့၏ စစ်ရေးရုံးထိုင်မှူးချုပ်တစ်ဦးဖြစ်သလို အဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦးအဖြစ်လည်း နေရာပေးထားခြင်းရှိပြီး လက်ရှိအချိန်တွင် မြဝတီမြို့နယ်အခြေစိုက် BGF (၁၀၁၇)တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူး စောဒီးဒီထံတွင်သွားရောက်ပူးပေါင်းခြင်းဖြစ်သည်ဟုသိရသည်။