Home တွေ့ဆုံမေးမြန်းခန်း သရက်ချောင်းမြို့နယ် စစ်ရှောင်ကူညီသူ ကိုအေကေနှင့် ဆက်သွယ်မေးမြန်းချက်

သရက်ချောင်းမြို့နယ် စစ်ရှောင်ကူညီသူ ကိုအေကေနှင့် ဆက်သွယ်မေးမြန်းချက်

765
Photo-တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင် ကူညီရေးအဖွဲ့

သရက်ချောင်းမြို့နယ် စစ်ရှောင်ကူညီသူ ကိုအေကေနှင့် ဆက်သွယ်မေးမြန်းချက်

———————–

‘ကျန်းမာရေး အပိုင်းကိုတာဝန်ယူတဲ့ လူသားအရင်းအမြစ်တွေ အားနည်းတယ်။ လူသားလုံလောက်မှုမရှိဘူး။ ရှိနေတဲ့ စစ်ရှောင်ဦးရေနဲ့ ကျန်းမာရေး ဆရာ၊ဆရာမတွေနဲ့က မမျှဘူး။ ဆေးဝါးတွေကလည်း လုံလောက်မှုမရှိပြန်တော့ အဲ့လိုအခြေနေတွေရှိတယ်။’ စစ်ရှောင်ကူညီသူ ကိုအေကေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တော်လှန်ရေးအင် အားစုများနှင့် စစ်ကောင်စီအကြား နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံ (၆,၀၀၀) ကျော် စစ်ဘေးရှောင်နေကြရဆဲဖြစ်ပြီး မိုးရာ သီကာလ ရောက်ရှိလာသည့်အပေါ် ၎င်းတို့၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးအခြေအနေများကို စစ်ဘေးရှောင်များအား အနီးကပ်ကူညီပေးနေသည့် မြေပြင်တာဝန်ခံ ကိုအေကေ(AK)နှင့် ဆက်သွယ် မေးမြန်းထားသည်။

မေး-မိုးရာသီရောက်လာတော့ သရက်ချောင်းမြို့နယ်ထဲက စစ်ဘေးရှောင်တွေ ဘယ်လိုအခြေအနေရှိလဲ။

မိုးရာသီ စပြီးရောက်လာပြီးဆိုတော့ အခက်အခဲတွေကတော့ ရှိလာတယ်။ မိုးတွင်းကာလဆိုတော့ အမိုးအကာ ကိစ္စတွေ နေရေးထိုင်ရေး စားရေးသောက်ရေး အကုန်လုံးအတွက်တော့ လိုအပ်ချက်တွေအများကြီးရှိပါတယ်။

အဓိက အခြေခံ လိုအပ်ချက်ကတော့ ကျနော်တို့အတွက် ဆန်ပေါ့နော်။ အခြေခံအစား အစားတွေ အခြေခံအစား စာဆိုတာက စစ်ရေးအခြေအနေပေါ် မူတည်ပြီးတော့ ကျနော်တို့ စစ်ဘေးရှောင်ကူညီသူတွေအနေနဲ့ တတ်နိုင်သလောက် စုဆောင်းထားတာက လုံလောက်မှုကတော့ အတိုင်းအတာ တစ်ခုလောက်ထိပဲ ရှိလိမ့်မယ် ထင်ပါတယ်။ စစ်ရေးအချိန် ဒီထက်ကြာမြင့်လာရင်တော့ ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့လာ နိုင်တယ်။ အဲ့ဒီလို အခြေအနေ တွေတော့ရှိပါတယ်။

Photo-တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင် ကူညီရေးအဖွဲ့

မေး- အခုလို မိုးရာသီအစပြုလာတဲ့ကာလအတွင်းမှာ စစ်ဘေးရှောင်တွေကြားမှာ ကျန်းမာရေး အခြေအနေကကော ဘယ်လိုတွေ ကြုံတွေ့နေရတာမျိုးရှိလဲ။

ရောဂါအခြေနေတွေကတော့ လတ်တလောမှာ အကုန်လုံးက အစုအဖွဲ့တွေနဲ့ နေရတာ ဖြစ်တဲ့ အတွက် ကြောင့် ဝမ်ပျက်ဝမ်းလျှော ရောဂါတွေကတော့ အဖြစ်များလာတယ်။ အဲ့လိုအခြေနေက ပြီးခဲ့တဲ့နှစ် တွေကလည်း ဖြစ်ဖူးတယ်။ အဲ့လိုရောဂါတွေ အဖြစ်များလာတာ့ ဆေးဝါးလိုအပ်ချက် တွေရှိနေတုန်းပဲ။ အဲ့လိုတွေဖြစ်တော့ ကျန်းမာရေးစောင့်ရှောက်တဲ့ ဆရာ၊ဆရာမတွေရဲ့ အကူအညီတွေကိုယူပြီးတော့ ကုသပေးနေရတယ်။ အခုက ကူးစက်ရောဂါလို့ပြောရမယ် ဝမ်းရောဂါပေါ့။ အိမ်သာအလုံအလောက်မရှိတာတွေလည်း ပါတယ်။ အိမ်သာတစ်ခု တည်းကိုပဲ အသုံးပြုနေရတာဖြစ်တဲ့အတွက်ကြောင့် အခုလိုပိုအဖြစ်များလာတာလည်းပါတယ်။

မေး– ဘယ်အရွယ်တွေမှာ ရောဂါအဖြစ်များလဲ။ အခုလိုတွေ ဖြစ်လာတာက လူဦးရေဘယ်လောက်အထိ ဖြစ်နေ ပြီးလဲ။

ကူးစက်ရောဂါတွေကတော့ အများအားဖြင့် လူကြီးတွေမှာလည်း ဖြစ်တယ်။ ကလေးသူငယ်တွေ မှာလည်း ဖြစ်တယ်။ ဒါပေမဲ့ ကလေးတွေက ပိုဖြစ်တာပေါ့။ ဒါပေမဲ့ ကျန်းမာရေးစောက်ရှောက်မှု ရှိနေ တယ်ဆိုပေမဲ့ လုံလောက်တဲ့ ကျန်းမာရေး စောက်ရှောက်မှုမရှိဘူး။ အဲ့လိုတွေဖြစ်တော့ ရောဂါ ဖြစ်တဲ့ သူနဲ့ မဖြစ်တဲ့သူကို ခွဲပြီးထားလိုက်တာပေါ့။ ကျနော်တို့ဘက်မှာက စစ်ဘေးရှောင်တွေ နေတယ်ဆိုပေမဲ့ Camp တွေနဲ့နေထိုင်ရတာ မျိုးမဟုတ်ဘူး။ လုံခြုံရေးအရ ဟိုတစ်စု ဒီတစ်စုလိုက်ပြီး ထားထားရတာပေါ့။ အဲ့လိုမျိုးခွဲပြီး ထားထားလိုက်တော့ အဆင်တော့ပြေသွားတယ်။

မေး– ဝမ်းလျှောရောဂါတွေ အဖြစ်များလာတော့ သူတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေက ဘယ်လိုရှိလဲ။ လက်ရှိမှာ စစ်တပ်ကလည်း ဆေးဝါး သယ်ဆောင်ခွင့်တွေကို ပိတ်ထားတာနဲ့ ပတ်သက်ပြီးတော့ အဲ့ဒီအခြေနေလည်း ပြောပြပေးပါအုံး။

အခက်အခဲတွေကတော့ အများကြီးပဲ။ စစ်တပ်က ဖြတ်လေးဖြတ်ကို လုပ်ဆောင်ထားတာဆိုတော့ သယ် ဆောင်တာတွေကိုတော့ ကျနော်တို့က ရတဲ့လမ်းကြောင်းကနေ သယ်ဆောင်နေရတာတွေ ရှိတယ်။ အထူးသဖြင့် ထားဝယ်-သရက်ချောင်း ကားလမ်းတွေဆိုရင် ဆန်တွေကိုသယ်ယူရတာ အဆင်မပြေဘူး။ ဒါပေမဲ့ ဒီနားဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေကနေပြီးတော့ အချိတ်အဆက်တွေလုပ်ပြီးတော့ နည်းနည်းစီ သယ်ယူရတာပေါ့။ အခက်အခဲတွေရှိတယ် ရိက္ခာပိုင်းတွေမှာလည်း။

ကျန်းမာရေးစောင့်ရှောက်မှုတွေကတော့ ဆေးဝါးတွေကလည်း ဖြတ်လေးဖြတ်မှာပါတဲ့ ပုံစံအတိုင်းပဲ သယ်ယူ ရတာ အခက်အခဲ အများကြီးရှိတယ်။ ပြီးတော့ ဆေးတွေဝယ်ရတာပေါ့နော်။ ကျနော်တို့က ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ ကျန်းမာရေးပိုင်းကို တာဝန်ယူ ထားတဲ့ သူတွေကို အကူအညီတောင်းပြီးတော့ စစ်ဘေးရှောင်တွေကို ကူညီရတာပေါ့။ အခက်အခဲတော့ အများကြီးရှိတယ်။ အထူးသဖြင့် ကျန်းမာရေး အပိုင်းကိုတာဝန်ယူတဲ့ လူသား အရင်းအမြစ်တွေ အားနည်းတယ်။ လူသားလုံလောက်မှုမရှိဘူး။ ရှိနေတဲ့ စစ်ရှောင်ဦးရေနဲ့ ကျန်းမာရေး ဆရာ၊ဆရာမတွေနဲ့ကမမျှဘူး။ ဆေးဝါးတွေကလည်း လုံလောက်မှုမရှိပြန်တော့ အဲ့လိုအခြေနေတွေရှိတယ်။

မေး-အခုလိုစစ်ဘေးရှောင်တွေနေတဲ့နေရာတွေကိုရော အခြားသော NGOအဖွဲ့အစည်း တွေက လာလှူတာ မျိုးရှိလား။ အဲ့တာနဲ့ပတ်သက်ပြီး နောက်ဆုံး အခြေအနေလေးပြောပြပေးပါအုံး။

ကျနော်တို့မှာက NGO ရယ်လို့ ထိထိပေါက်ပေါက်ပြောလို့မရဘူး။ နည်းနည်းပါးပါး တော့ရှိတယ်။ လိုအပ်ရင် လိုအပ်သလို အခုနောက်ပိုင်းမှာတော့ လုံခြုံရေး အခက်အခဲအရ အနည်းအကျဉ်းလောက်ပဲ ကူညီနိုင်တော့တယ်။ ပြည်သူကနေ ပြည်သူအချင်းချင်းတော့ ကူညီနေရတာတော့ရှိတယ်။ နိုင်ငံခြား ကနေပြီးတော့ ထောက်ပို့ အဖွဲ့တွေ ပြည်တွင်းထဲက ပြည်သူအချင်းချင်း လှူတာမျိုးတွေတော့ရှိတယ်။ အဲ့လိုအဖွဲ့အစည်းတွေက လှူတာထက် ကိုယ့်ပြည်သူ အချင်းချင်းတွေက လှူနေတာ မျိုးတွေတော့ရှိတယ်။

Photo-တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင် ကူညီရေးအဖွဲ့

မေး– အခုလက်ရှိ သရက်ချောင်းမြို့နယ်ထဲမှာ စစ်ဘေးရှောင်ဦးရေက ဘယ်လောက်ထိရှိနေပြီးလည်း နောက်ဆုံး အခြေနေလေးသိပါရစေ။

အခု လက်ရှိတောင်ပျောက်တိုက်နယ်ထဲမှာတော့ အမြဲတမ်းနေတဲ့စစ်ဘေးရှောင် (၈၀၀) ကျော်ရှိပါတယ်။ ကျနော်တို့သရက်ချောင်းမြို့နယ်က ပဲဒက်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သိမ်းပြီး နောက်ပိုင်းမှာ တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကနေပြီးတော့ အဲ့ဒီတစ်ခွင်ထဲမှာ တစ်ခုတည်း မဟုတ်ဘဲနဲ့ တတ်နိုင်သလောက် ကျန်တဲ့အခက်အခဲရှိနေတဲ့နေရာတွေကို လိုက်ပြီးတော့ ကူညီပေးနေတာတွေရှိတယ်။

သရက်ချောင်း မြို့နယ်တစ်ခုလုံးမှာဆိုရင် စစ်ဘေးရှောင် (၆,၀၀၀)ကျော်လောက်ရှိတယ်။ အဓိက စစ် ဘေးလာရှောင်တာအများဆုံးကတော့ ပဲဒက်ပေါ့။ ကျနော်မြေပြင်က စစ်ဘေးရှောင် စခန်းတွေကို ရောက်ခဲ့တုန်း ကတော့ အဲ့လောက်ရှိတယ်။ အခုအောက်ဘက် သရက်ချောင်း တကြောမှာဆိုရင် နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်အများကြီး ရှိနေသေးတယ်။