Home သတင်း ကေအဲန်ယူအစည်းအရုံးတွင် အမျိုးသမီးများပိုမိုပါဝင်လာရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့

ကေအဲန်ယူအစည်းအရုံးတွင် အမျိုးသမီးများပိုမိုပါဝင်လာရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့

572
Photo - KNU

ဇွန်လ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကဏ္ဍအသီးသီးနှင့်ဌာနများ မဟာဗျူဟာချမှတ်ရာတွင် အမျိုး သမီးများ ပိုမိုပါဝင်လာနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတရပ်ကို ပြီးခဲ့သည့် မေလ ၂၉ ရက်မှ ၃၀ အထိ နှစ် ရက်တာပြုလုပ်ခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

ကေအဲန်ယူ ၁၆ ကြိမ်မြောက်ကွန်ဂရက်၌ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၏ ဦးဆောင်မှု အဆင့်ဆင့်တွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင်နိုင်ရန်အတွက် ရေးဆွဲထားသော်လည်း လက်တွေ့မှာ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးကြောင်း KNU အမျိုးသမီးများ ပိုမိုပါဝင်လာမှု အကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပဒိုနော်ဒါးဒါးက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ဆက်လက်၍ ကေအဲန်ယူ၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စစ်ရေး၊ လူမှုရေး စသည့် ကဏ္ဍအသီးသီးနှင့် ဌာနများတို့ တွင် အမျိုးသမီးများ ပိုမိုပါဝင်လာရန်နှင့် လိုအပ်သော အရာများ၊ နည်းလမ်းများကို ဝိုင်းဝန်း ဆွေးနွေး အဖြေရှာကြရမည်ဖြစ်သလို အမျိုသားများလည်း ဝိုင်းဝန်းအထောက်အကူပြု ကူညီပေးရန် လိုအပ် ကြောင်း လည်း ပဒိုနော်ဒါးဒါးက ဖြည့်စွက်ပြောကြားခဲ့သည်။

“အမျိုးသမီးများတို့သည် သက်ဆိုင်ရာ ကဏ္ဍအသီးသီးတို့တွင် ဆုံးဖြတ်ချက်ချရာတွင် သော်လည်းကောင်း၊ မဟာဗျူဟာချမှတ်ရာတွင် သော်လည်းကောင်း ပိုမိုပါဝင်လာရန် လိုအပ်ကြောင်း ၊ ကရင်အမျိုးသမီးအစည်းအရုံး (KWO) အပါအဝင် ကေအဲန်ယူ ဗဟို၊ ကေအဲန်အယ်လ်အေဗဟို၊ ဌာနအသီးသီးတို့မှ ဝိုင်းဝန်းကူညီပံ့ပိုးရန် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲအား ပြုလုပ်ရခြင်းဖြစ်ကြောင်း” ဟု ပဒိုနော်ဒါးဒါးက ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကေအဲန်ယူ-ဗဟိုခေါင်းဆောင်များ၊ KNLA-ဗဟိုစစ်ဦးစီးဌာနချုပ်မှ တပ်မှူးများ၊ KNPF – ကရင်အမျိုးသားရဲတပ်ဖွဲ့မှ တပ်မှူးများ၊ KWO-ကရင်အမျိုးသမီးအစည်းအရုံးခေါင်းဆောင်များ၊ KYO-ကရင်လူငယ် အစည်းအရုံး ခေါင်းဆောင်များ၊ ကေအဲန်ယူ-ဗဟိုဌာနအချို့မှ ခေါင်းဆောင်များ နှင့် ဖားအံခရိုင်မှ ခေါင်းဆောင် များအပါအဝင် စုစုပေါင်း အမျိုးသမီးခေါင်းဆောင် (၂၆) ဦးနှင့် အမျိုးသား (၆) ဦးတို့ တက်ရောက်ခဲ့သည်ဟု ထုတ်ပြန်ထားချက်အရ သိရသည်။

Photo – KNU

၎င်းအလုပ်ရုံဆွေးနွေးပွဲကို အကျိုးဆောင်အဖြစ် နိုင်ငံရေးနှင့်စည်းရုံးရေးကော်မတီ၊ ပညာပေးစည်းရုံး ဖွဲ့စည်း တည်ဆောက်ရေး လုပ်ငန်းကော်မတီမှ ဦးဆောင်ခဲ့ပြီး အမျိုးသမီးများ ပိုမိုပါဝင်လာမှု အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပဒိုနော်ဒါးဒါး၊ ကေအဲန်ယူ တွဲဖက် အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ ကေအဲန်ယူတရားသူကြီးချုပ် ပဒိုနော်မြိုင်ဖိုး၊ ကေအဲန်ယူ အမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်းတို့ တက်ရောက်ကာ အကြံပြုလမ်းညွှန်ချက်များ ပြောကြား ပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အလုပ်ရုံဆွေးနွေးပွဲ၌ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ကျားမတန်းတူရေး မူ၀ါဒ ပေါ်လစီတစ်ခုကိုလည်းရေးဆွဲလျက်ရှိနေပြီး ဦးဆောင်ရေးဆွဲသူ နော်မေဦးကလည်း ရေးဆွဲလျက် ရှိနေသော ကျားမတန်းတူရေး မူ၀ါဒပေါ်လစီ နှင့်ပတ်သက်၍ အဓိက အချက်များနှင့် လိုအပ်ချက်များတို့ကိုလည်း ရှင်းလင်းတင်ပြခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

အလားတူ တက်ရောက်လာသောကိုယ်စားလှယ်များကလည်း မိမိတို့အဖွဲ့အစည်းအတွင်း အမျိုးသမီးပါ ဝင်မှုနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်တာများကို ရှင်လင်းတင်ပြခြင်း၊ ကျား/မ တန်းတူရေးဆိုင်ရာ နှင့် ပတ်သက်ပြီး ၁၆ ကြိမ်နှင့် ၁၇ ကြိမ်မြောက် ကေအဲန်ယူ-ကွန်ဂရက်မှ ချမှတ်လိုက်သည့် ဆုံးဖြတ် ချက်များကို ဆွေးနွေးတင်ပြခြင်း၊ အမျိုးသမီးများကဏ္ဍ ပေါင်းစုံတွင် ပါဝင်လာရန် လိုအပ်သော အရာများကို ဆွေးနွေးရှာ ဖွေဖော်ထုတ်ခြင်းနှင့် ထိုဆွေးနွေးချက်များအပေါ် လက်တွေ့ အကောင်အထည်ဖော်နိုင်မည့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း စသည့် နည်းလမ်း နှင့် နည်းနာများကို ဆွေးနွေးရရှိခဲ့ကြသည်ဟုလည်း ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။