Home သတင်း ကုန်စည်စီးဆင်းမှုအတွက် မဲသဝေါလမ်းကိုအသုံးပြုရန် BGF က ထိုင်းနှင့် KNU ကို ညှိနှိုင်းနေ

ကုန်စည်စီးဆင်းမှုအတွက် မဲသဝေါလမ်းကိုအသုံးပြုရန် BGF က ထိုင်းနှင့် KNU ကို ညှိနှိုင်းနေ

2108

ဇွန်လ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မဲသဝေါဒေသမှဖားအံမြို့အထိ ပေါက်ရောက်သော မဲသဝေါလမ်းပိုင်းအား ထိုင်း-မြန်မာနယ်စပ် ကုန်စည်စီးဆင်းမှုအတွက် အသုံးပြုရန် ကရင်နယ်ခြားစောင့်တပ်-BGF က ထိုင်းနိုင်ငံအပြင် ကရင်အမျိုးသားအစည်းအရုံး-KNU ဖားအံခရိုင်နှင့်ပါ ညှိနှိုင်းဆောင်ရွက်နေကြောင်း KNU ထံမှ သိရသည်။

မြဝတီ ဒေါနတောင်ကျော်လမ်းဟောင်းနှင့် တောလမ်းများတွင် ရာသီဥတုဆိုးရွားပြီး လမ်းပျက်စီးသည့်ဒဏ်နှင့် ဒေသတွင်းတိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲပိတ်ဆို့နေ၍ နယ်စပ်ကုန်စည် စီးဆင်းမှုနှောင့်နှေး ပြီး ပြည်သူစားဝတ်နေရေးထိခိုက်လာသဖြင့် နှစ်နိုင်ငံနယ်စပ်ရှိ မဲသဝေါလမ်းကို အသုံးပြုရန် စီစဥ်နေကြခြင်း ဖြစ်သည်ဟု တာဝန်ရှိသူများကဆိုသည်။

BGF အနေဖြင့် ထိုင်းနိုင်ငံထံမှ မဲသဝေါလမ်းကိုအသုံးပြု၍ ကုန်သွယ်နိုင်ရေး တရားဝင်ခွင့်ပြုချက်ရရှိပါက KNU ထံ လာရောက်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း အကြောင်းကြားထားပြီးဖြစ်သလို KNU အနေဖြင့်လည်း လက်ခံ ဆောင်ရွက်သွားရန် ရှိသည်ဟု ကေအဲန်ယူ ဖားအံခရိုင်၏ ဥက္ကဌ ပဒို စောအောင်မော်အေးက ယခုလိုပြောသည်။

“BGF ကတော့ သူတို့လမ်းဖောက်ကြည့်မယ်လို့ အကြောင်းကြားတာရှိတယ်။ ထိုင်းဘက်နဲ့ ကုန်စည် စီးဆင်းဖို့ အတွက် တရားဝင်ရတာမရတာတော့ မသေချာသေးဘူးနော်။ BGF က တရားဝင်ရမယ်ဆိုရင်တော့ KNU နဲ့ လာ ညှိမယ်။ တရားဝင်ကုန်စည်စီးဆင်းမှုရှိမယ်ဆိုရင်ကတော့ KNU အနေနဲ့ လက်ခံဖို့စဥ်းစားထားပါတယ်။ လမ်းတကယ်ဖွင့်ဖြစ်တယ်ဆိုရင် အကောက်ခွန်နဲ့ပတ်သက်တာတွေက အကောက်ခွန်ဌာနကသွားမှာပါ။” ဟု ကေအိုင်စီသို့ ပြောသည်။

နှစ်နိုင်ငံနယ်စပ် သောင်ရင်းမြစ်တစ်ဖက်ကမ်းတွင်ရှိသည့် အဆိုပါမဲသဝေါလမ်းပိုင်းအား လက်ရှိအချိန်ထိ ခရီး သည်သွားလာရေးအတွက်သာ အဓိကအသုံးပြုနေပြီး ကွန်ကရစ်လမ်းခင်းထားကာ လမ်းကျဥ်းမြောင်း သော ကြောင့် ကုန်သွယ်ရေးခွင့်ပြုချက်ရရှိပြီးပါက ကုန်တင်ကားကြီးများ အဆင်ပြေပြေသွားလာနိုင်ရေး အတွက်ကိုမူ ဆက်လက်စောင့်ကြည့်ရမည့် အနေအထားဖြစ်သည်။

ထိုသို့ တရားဝင်လမ်းဖွင့်လှစ်နိုင်ပါကလည်း ထိုင်းနိုင်ငံဘက်သို့ ဆက်သွားမည့်ကုန်တင်၊ ခရီးသည်တင် မော်တော်ယာဥ်များအတွက်သာ အဆင်ပြေနိုင်ပြီး ပြည်တွင်း မှ မြဝတီအထိ ကုန်သွယ်သည့် မော်တော်ယာဥ် များအတွက်မူ ထူးခြားမှုရှိမည်မဟုတ်ကြောင်း ဖားအံ-မြဝတီ မော်တော်ယာဥ်မောင်းနှင်သူ တစ်ဦးက ယခုလို သုံးသပ်ပြောဆိုသည်။

၎င်းယာဥ်မောင်းက “မယ်သဝေါလမ်းက မြဝတီအထိမပေါက်တော့ ကျနော်တို့လို မြဝတီအထိပဲသွားတဲ့ ကား တွေအတွက် အဆင်မပြေဘူး။ မဲဆောက်သွားမယ့်ကားတွေအတွက်တော့ အဆင်ပြေမှာပေါ့။ ကုန်စည်စီးဆင်းမှု တွေက အခုသွားတဲ့လမ်းဟောင်းနဲ့တောလမ်းတွေကပဲ အဓိကလာတာ” ဟု ကေအိုင်စီသို့ ပြောသည်။

တိုက်ပွဲများကြောင့် ပိတ်ထားရသော မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးမှာလည်း ယနေ့အချိန်ထိ ပြန်လည်ဖွင့် လှစ်နိုင်ခြင်းမရှိသေးသလို ပြောင်းလဲအသုံးပြုနေရသည့် တောင်တက်လမ်းများမှာလည်း လမ်းများပျက်စီး နေသောကြောင့် မော်တော်ယာဥ်များမှာ ရက်ပေါင်းများစွာ ယာဥ်ကြောပိတ်ဆို့မှု၊ ယာဥ်တိမ်းမှောက်ပျက်စီးမှုများ ဖြစ်ပေါ်နေ၍ ပြည်တွင်း ကုန်စည်ပြတ်လပ်မှု နှင့် ကုန်ဈေးနှုန်းမြင့်တက်ခြင်းတို့ကိုပါ ရင်ဆိုင်ကြုံတွေ့နေရခြင်း ဖြစ်သည်။

ယခင်က မြဝတီ-ကော့ကရိတ် လမ်းဟောင်းအပြင် ကြက်ဥတောင်လမ်း၊ ထို့ကော်ကိုးလမ်း၊ ၁၀၁၈ လမ်းတို့ရှိ သော်လည်း လက်ရှိတွင် ကြက်ဥတောင်လမ်းမှာ လုံးဝပျက်စီးသွားသည့်အနေအထားကြောင့် သွားလာလို့ မရတော့ဘဲ အခြားလမ်းများကိုသာ အသုံးပြု၍ခက်ခက်ခဲခဲ သွားလာနေရကြောင်း ကုန်တင်ယာဥ်မောင်း သမားများထံမှ သိရသည်။

အလားတူ လက်ရှိ ကုန်သွယ်ရေးအတွက် အသုံးပြုနိုင်ရန် ကြိုးပမ်းနေသည့် မဲသဝေါလမ်းပိုင်းသည် ကေအဲန်ယူ တပ်မဟာ(၇)၏ ထိန်းချုပ်မှုနယ်မြေထဲတွင်ရှိနေသလို အဆိုပါ လမ်းတစ်လျှောက်တွင်လည်း BGF ဂိတ်စခန်းများ အပြင် စစ်ကောင်စီ၏ ဂိတ်စခန်း ၂ခုခန့် ရှိနေကြောင်းလည်း သိရသည်။