Home ဆောင်းပါး အနာဂတ်ဖက်ဒရယ်ထဲက လူမျိုးစုလွှတ်တော်

အနာဂတ်ဖက်ဒရယ်ထဲက လူမျိုးစုလွှတ်တော်

425
Photo: Crd.

အနာဂတ်ဖက်ဒရယ်ထဲက လူမျိုးစုလွှတ်တော်

ဖောင့်ဖ

(ဇွန် ၂၆ရက်၊ ၂၀၂၄)

စစ်အာဏာရှင်ကို တော်လှန်သော တွန်းလှန်စစ်သည် တစထက်တစ အရှိန်မြင့်လာပြီး ပြည်သူအများ မျှော်လင့်သည့်အဆင့်သို့ ရောက်၍လာပြီ၊၊ လက်နက်ကိုင်တိုက်ခိုက်သော အင်အားစုများ၏ တာဝန်ကား ကျေပွန်လှပေ သည်၊၊ သူတို့အား ဂုဏ်ယူကျေးဇူးတင်၍ မဆုံးတော့ပြီ၊၊ စွန့်လွှတ်အနစ်နာခံပြီး အသက်ကိုရင်းရသည့်စိတ်ဓာတ်မို့ သူတို့ ၏ အခန်းကဏ္ဍက အလွန်ကြီးမားလှပါသည်၊၊ ရှေ့မှာ တားဆီးပိတ်ပင်နေသည့် စစ်အာဏာရှင်တံတိုင်းကြီးကို ဖြိုဖျက် နိုင်မှသာလျှင် နိုင်ငံတော်ကို ဝင်ခွင့်ရပေမည်၊၊ ပါတီစုံ ဒီမိုကရေစီစနစ်ကို လမ်းပွင့်အောင် စစ်အာဏာရှင်စနစ်ကို အရင် ဆုံး တူးထုတ်ရမည်ကား နိုင်ငံသားတိုင်း၏ တာဝန်ပင်မဟုတ်ပါလား။

၂၀၂၁ ခုနှစ် မတ်လတွင် စာရေးသူ ကော်သူးလေနယ်မြေ တပ်မဟာ(၅)ကိုရောက်ခဲ့စဉ်က ဌာနချုပ်၏ အစည်း အဝေးခန်းမတွင် KNU တပ်မဟာမှူးများ၊ ခရိုင်မှူးများ၊ KNU-CEC ဟောင်းများ၊ NLD လွှတ်တော်အမတ်များနှင့် လွတ် မြောက်နယ်မြေသို့ ရောက်လာကြသော အဖွဲ့အစည်းအသီးသီးမှ လူငယ်များနှင့်တွေ့ဆုံဆွေးနွေးကြသည်။

အစည်းအ ဝေးတွင် ဖက်ဒရယ်နှင့်ပတ်သက်၍ ကျနော် အနှစ်ချုပ်တင်ပြခဲ့သည်။ လက်နက်ကိုင်တိုက်ပွဲဝင်ရမည်မှာ မဖြစ်မနေ လုပ်ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီဖက်ဒရယ်ဟု မခေါ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီဟုခေါ်မှ ဖက်ဒရယ်စနစ်ကို အရင် တည်ဆောက်ထားရမှာဖြစ်ကြောင်း၊ တိုင်းရင်းသားအားလုံးသဘောတူသည့် ဖက်ဒရယ်စနစ်ကို အခြေခံမထားလျင် ပင်လုံစာချုပ် ချုပ်ဆိုပြီး လွတ်လပ်ရေးရယူခဲ့သော်လည်း တိုင်းရင်းသားများရပိုင်ခွင့် ဆုံးရှုံးခဲ့ရပုံကို ထောက်ရှုသင့် ကြောင်း၊ ဖက်ဒရယ်အခြေမခိုင်လျှင် တိုင်းပြည်သည် မည်သည့်အခါမျှ ငြိမ်းချမ်းရေးနိုင်မည်မဟုတ်ကြောင်း အစရှိသည် ဖြင့် တင်ပြဆွေးနွေးခဲ့သည်ကို အားလုံးက သဘောတူကြသည်။

KNU နယ်မြေထဲသို့ရောက်ချိန် ၂၀၂၁ ခုနှစ် ဧပြီလလယ်လောက်တွင် ယခု CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ ကာကွယ်ရေးဝန်ကြီး ဦးရီမွန်၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဆိုင်ရာဝန် ကြီးနော်ဆူစန်နာလှလှစိုးတို့နှင့် Zoom Meeting ဖြင့် ဆွေးနွေးပွဲတွင်လည်း တိုင်းရင်းသားများအားလုံး သဘောတူညီ ပြီး တန်းတူအခွင့်အရေးရှိနိုင်မည့် ဖက်ဒရယ်မူဝါဒကို ကြိုတင်ရေးဆွဲထားရန် လိုအပ်ကြောင်းကိုလည်း ဆွေးနွေးတင်ပြ ခဲ့သည်။ သည်အချိန်က NUG အစိုးရ မဖွဲ့စည်းရသေးပေ။ သို့ရာတွင် ကျနော့် ဖက်ဒရယ်မူဝါဒကို မတင်ပြခဲ့ပါ။

၂၀၁၉ ခုနှစ်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင်ကျင်းပသော ဖက်ဒရယ်ရေးရာဆွေးနွေးပွဲတွင်တော့ ကျနော့် ဖက်ဒရယ်မူဝါဒကို တင်ပြခဲ့ဘူးသည်။ ထိုအချိန်က ၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီလက ထုတ်ပြန်ခဲ့သော FCDCC ကို အခြေခံ ၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ FCDCC တွင် အမျိုးသားပြည်နယ်နှင့် အမျိုးသားများပြည်နယ် သတ်မှတ်ရာတွင် ဗမာ သည် ပြည်နယ်တစ်နယ်ရှိရမည် ဆိုသောကိစ္စ၌ တက်ရောက်လာသောဗမာများက သဘောတူသည့်သူများရှိသလို သဘောမတူသူများရှိသည်ကိုလည်း တွေ့ရပြန်သည်။

ထိုဆွေးနွေးပွဲတက်ရောက်သူများမှာ ယခု NUG တရားရေးဝန်ကြီး ဦးသိန်းဦး၊ အမျိုးသမီး၊ လူငယ်နှင့် ကလေး သူငယ်ဆိုင်ရာ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်(အငြိမ်းစား)၊ KNU-CEC အဖွဲ့ ၀င်ဟောင်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်နေသူများ၊ ပြည်တွင်းပြည်ပ လူမှုအဖွဲ့အစည်းများ ပါဝင်ကြသည်။ ကျနော့်ဆွေးနွေးတင်ပြချက်ကို KNU မှ ပုဂ္ဂိုလ်တစ်ဦးက သဘောကျ၍ ညပိုင်းတွင် ကျနော့်ကိုလာတွေ့ပြီး နှစ်ဦးသား ပြန်လည်ဆွေးနွေးခဲ့ကြသည်။

၂၀၂၁ ခုနှစ်က NUG က ထုတ်ပြန်ခဲ့သော ချာတာ(ပဋိညာဉ်)တွင် ချာတာအပိုင်း(၁)ကို အများက လက်ခံကြပြီး ချာတာအပိုင်း(၂)ကို တိုင်းရင်းသားများက သိပ်သဘောမတွေ့လှပေ။ ဖက်ဒရယ်နှင့်ပတ်သက်၍ နောက်ထပ်ဆက်လက် ဆွေးနွေးညှိနှိုင်းကြမည်ဆိုပြီး ယခုထက်ထိလည်း အစပ်တည့်ပုံ မရသေးပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့၏ စစ်ရေးအရှိန်မြင့်မှုနှင့် တိုက်ခိုက်အောင်မြင်မှုတို့ကြောင့် နယ်မြို့များကို တစ်မြို့ပြီး တစ်မြို့ သိမ်းပိုက်လာနိုင်ခဲ့သည်မှာ ပြည်သူများအတွက် ဝမ်းသာအားရ ကျေနပ်စရာဖြစ်ပါသည်။

တိုက်ပွဲအရှိန်သည်လည်း မြင့်သထက်မြင့်လာ၍ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်မြို့ကြီးများသို့ နီးကပ်၍လာ ပါပြီ။ တနေ့ ကျနော့်သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာပါသည်။ သူက ဗမာလူမျိုးတစ်ယောက်ပင်။ ဖုန်းနှင့် စကားပြောရန် အားမရသည်ကတစ်ကြောင်း၊ လုံခြုံစိတ်ချမှုမရှိသည်ကတစ်မျိုးတို့ကြောင့် သူ့အိမ်သို့လာခဲ့ရန် ဖိတ်ခေါ် လိုက်သည်။ ကျနော်လည်း မဆိုင်းမတွ နောက်နေ့ သူ့အိမ်သို့ ရောက်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူ့ဘက်တော်သား PDF တွေ ညီညီညွတ်ညွတ် ပူးပေါင်းလက်တွဲ တိုက်လျင် အောင်ပွဲက မုချရမည်ကို သူ ယုံကြည်သည်။ သူ စိုးရိမ်သောကဖြစ်နေရသည်က နိုင်ငံရေးရေချိန် နိမ့်ကျနေ မှုပင်ဖြစ်သည်။ သူဆိုလိုသည့်နိုင်ငံရေးရေချိန်မှာ တိုင်းရင်းသားပြည်သူများအားလုံး တန်းတူအခွင့်အရေးရှိနိုင်မည့် ဖက်ဒရယ်မူဝါဒကို ခုထိ မရေးဆွဲနိုင်သေးဘဲ အဖုအထစ်ဖြစ်နေသည့်အရေးပင် ဖြစ်သည်။

FCDCC က ရှစ်ပြည်နယ်+ မူကို သူ(သူငယ်ချင်း) သိသည်။ သူက လက်ခံပေမယ့် လက်မခံသူတွေကလည်းရှိ သည်၊၊ လက်ခံသူ လက်မခံသူ အနည်းအများ ရာခိုင်နှုန်းကို ခုချိန်တွင် ဒီမိုကရေစီနည်းကျ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပ၍ လည်းမရ၊ စလယ်ဝင်ဖင်မမည်းခင်က ကွဲ ဆိုသလို ဖြစ်သွားမည်ကိုစိုးရိမ်သည်။

လွတ်လပ်ရေးကို ရအောင်အရင်လုပ်၊ တိုင်းရင်းသားအရေး ဖက်ဒရယ်အရေးကို နောက်မှဆွေးနွေးကြတာပေါ့ ဆိုပြီး ၁၉၄၇ အခြေခံဥပဒေကို ကသောကမျောရေးဆွဲ၊ အဓိကဇာတ်ဆောင်ကြီးတွေ လုပ်ကြံခံရ၊ ကျန်ရစ်သူတွေက နိုင်ငံရေးကုလားဖန်ထိုး၊ ဗိုလ်နေဝင်းက စစ်အာဏာသိမ်း၊ အဲဒီလိုနဲ့ စစ်အာဏာရှင်က မဟာဗမာဇာတ်ခင်းလာလိုက် တာ ဘာသာရေးမှိုင်း၊ လူမျိုးရေးမှိုင်းတိုက်လို့ ဘယ်ကုလားတရုပ်၊ ဘယ်အင်္ဂလိပ်၊ အမေရိကန်ကိုမှ မတိုက်ရဘဲ ညီအစ်ကိုချင်းသတ်ရသည့် စစ်ပွဲဖြစ်လာပါတော့သည်။

ဒါတွေကို ဒီနေ့ Gen Z တွေ သိနားလည်ပြီးဖြစ်၍ အရင်လို မှိုင်းတိုက်လှည့်ဖျားလို့ ရနိုင်တော့မည်မဟုတ်ပါ။

စစ်အာဏာရှင်တွေပြိုလဲကျတော့မည်၊ ပြိုလဲကျပြီးလျင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်မည်။ ဒီမိုကရေစီ ကိုတော့ မြည်းစမ်းခဲ့ဘူးကြပြီ။ ချိုမြိန်သလား၊ ခါးသက်သက်နှင့်လား၊ တိုင်းရင်းသားများအတွက် ခါးသက်သက်ခံစားခဲ့ရ သည်။ ဒါက ဘာ့ကြောင့်လဲ။ ဖက်ဒရယ်အနှစ်သာရမပါသောကြောင့်ဟု ကျနော် တန်းဖြေလိုက်ချင်သည်၊၊ ၂၀၁၁ ခုနှစ် မှစတင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ပုံဖျက်ခံရသော ဖက်ဒရယ် စတင်လာခဲ့ရသည်။

ဖက်ဒရယ်သင်တန်း၊ ဖက်ဒရယ်စကားဝိုင်း၊ဖက်ဒရယ်ဆောင်းပါး၊ ဖက်ဒရယ်စာအုပ် စတာတွေ အတော်များ များ ထွက်ပေါ်လာသည် ပင်လုံစာချုပ်သည်လည်း ပြန်လည်ခေတ်စားလာသည်။

ဖက်ဒရယ်ကိုလေ့လာ၊ ဖက်ဒရယ်ကိုကြားနာ၊ ဖက်ဒရယ်ကိုတူးဆွ၊ ဖက်ဒရယ်ကိုပုံဖေါ်နဲ့ ဖက်ဒရယ်နှင့် ပတ် သက်ပြီး အတော်ဗျာများခဲ့ရသည်။ နဝတအစိုးရ ပုံဖေါ်ခဲ့သည့် တိုင်းရင်းသားမျိုးနွယ် (၁၃၅)ကြောင့် မြန်မာ့ဖက်ဒရယ် ကို ပုံဖေါ်ရန် အခက်တွေ့ရသည်။ ငြိမ်းချမ်းဆွေးနွေးပွဲများတွင် သူ့ဖက်ဒရယ် ငါ့ဖက်ဒရယ်နှင့် မတူကွဲပြား အချင်းများရ ပြန်သည်။ သည်လိုနှင့် မြန်မာပြည်နှင့်ကိုက်ညီသော ဖက်ဒရယ်စနစ်တစ်ခုကို ကျနော် စဉ်းစားပုံဖေါ်ကြည့်မိသည်။

ဖက်ဒရယ်သည် နိုင်ငံရေးတွင် အားလုံးတန်းတူညီမျှမှု ဖြစ်ရမည်ဟူသောမူကို လက်ကိုင်ပြုပြီး ကျနော် တွေးခေါ်စဉ်းစားသည်။ ကျင့်သုံးခဲ့သော အခြေခံဥပဒေများမှ ဖက်ဒရယ်နှင့်ဆက်နွယ်သည့် မူဝါဒများကို လေ့လာရှာ ဖွေကြည့်သောအခါ တန်းတူညီမျှမရှိသည်ကို တွေ့ခဲ့ရသည်။ ဒါကို ထားလိုက်တော့။ ၄၇၊ ၇၄၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(ခြေ/ဥ)များသည် ဖက်ဒရယ်ကို အသားမပေးသော ခြေ/ဥများဖြစ်သောကြောင့် ဖက်ဒရယ်စံနှုန်း မရှိခဲ့သည်မှာ သိပ်ပြောစရာမလိုပါ။ ၂၀၁၁ မှ တစတစကျယ်လောင်လာသော ဖက်ဒရယ်အသံသည် အဆံသက်သက်ချည်းဖြစ်မှာကို ဘယ်သူမှ လိုလားမည်မဟုတ်ပါ။ ဖက်ဒရယ်အရွေးမှား၊ အချမှားလို့ အရင်လို မီးပြန်မလောင်စေချင်တော့ပါ။ နိုင်ငံရေး တွင် အားလုံးတန်းတူညီမျှမှုရှိရမည် ဟူသောမူဝါဒကို လက်ကိုင်ထား၍ ဖက်ဒရယ်မူကို ရေးသားတင်ပြပါမည်။

ကျနော်ရေးသားတင်ပြမှုအပေါ် ဖတ်ရှုလေ့လာဆန်းစစ်ပြီး ပိုလျှင်နှုတ်၊ လိုလျှင်ဖြည့်စွက်၊ မှားလျှင်ပြင်၊ မှန်လျှင် မိမိသဘောဆန္ဒအတိုင်း ဆက်လက်လုပ်ဆောင်ကြပါဟု ကနဦး မေတ္တာရပ်ခံအပ်ပါသည်။

ဒီမိုကရေစီနိုင်ငံတိုင်းတွင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ်ရှိပါသည်။ ၂၀၀၈ ခြေ/ဥတွင် အထက်လွှတ်တော်ကို အမျိုးသားလွှတ်တော်ဟု ခေါ်ဆိုပြီး အောက်လွှတ်တော်ကို ပြည်သူ့လွှတ်တော်ဟု ခေါ်ဆိုထား သည်။ အမှန်တကယ်တော့ အထက်လွှတ်တော် (ခေါ်) အမျိုးသားလွှတ်တော်သည် လူမျိုးစုလွှတ်တော်ပင်ဖြစ်သည်။ လူမျိုးစုလွှတ်တော်ဟု ခေါ်တွင်လိုက်ခြင်းအားဖြင့် တိုင်းရင်းသားကိုယ်စားပြု လွှတ်တော်အမတ် သို့မဟုတ် ကိုယ်စား လှယ်များက မိမိတို့အမျိုးသားအရေးကို ဆွေးနွေး ညှိနှိုင်း အဖြေရှာရမည့် လွှတ်တော်ပင်ဖြစ်ရမည်။ လူမျိုးစုလွှတ်တော် တွင် လူမျိုးစုအလိုက် ကိုယ်စားလှယ်အရေအတွက်များ တန်းတူညီမျှမှု ထားရှိရမည်။

ဤနေရာတွင် လူမျိုးစုတစ်ခုသတ်မှတ်ရေးကို လူဦးရေအရေအတွက်ဖြင့် ပညာရှင်များက ရေးဆွဲသတ်မှတ်ပေး ရမည်။ ယခုလက်ရှိတွင် လူမျိုးစုကြီး (၈)စု သတ်မှတ်ထားရာတွင် နောက်ထပ် လူမျိုးစုကြီးတစ်ခုအဖြစ် သတ်မှတ်နိုင် သည့် အခြားလူမျိုးစုကြီးများလည်း ပေါ်ပေါက်လာနိုင်သည်။ ထိုအခါ လူမျိုးစု (၈)စု အပြင် (၁၀)စု သို့မဟုတ် (၁၂)စုအ ဖြစ် ပေါ်ပေါက်လာနိုင်ပါသည်။ လူမျိုးစု (၁၂)စု ရှိသည်ဆိုပါစို့။

လူမျိုးစုတစ်စုလျှင် ကိုယ်စားလှယ် ၁၀ဦးသတ်မှတ်ပါက ဗမာလူမျိုးစုလည်း ၁၀ဦး၊ ကရင်လူမျိုးစုလည်း ၁၀ဦး၊ ရှမ်း၊ ချင်း၊ ကချင်၊ မွန်၊ ရခိုင် စသည်တို့လည်း ၁၀ဦးစီဖြင့် လူမျိုးစုလွှတ်တော်တွင် အညီအမျှရှိကြပေမည်။ လူမျိုးစု(၁၂) စုတွင် ကိုယ်စားလှယ်(အမတ်) ၁၂၀ဦး လွှတ်တော်တွင် ရှိပေလိမ့်မည်။

လူမျိုးစုကြီးများ၏အောက်တွင် လူမျိုးစုငယ်များရှိနိုင်သဖြင့် လူမျိုးစုကြီးတစ်စုက ရရှိသည့်ကိုယ်စားလှယ် ၁၀ ဦးထဲတွင် လူမျိုးစုငယ်များကို သတ်မှတ်အရည်အချင်းနှင့်အညီ ခွဲဝေပေးရမည်။ ထိုကိုယ်စားလှယ် ၁၀ဦးသည် မိမိ၏ သက်ဆိုင်သည့်လူမျိုးစုအရေးကို လွှတ်တော်တွင် ဆောင်ရွက်ပေးရမည်။ မိမိလူမျိုးစု၏ ကိုယ်စားလှယ် ၁၀ဦး သတ် မှတ်ရာတွင်လည်း လူမျိုးစုငယ်များအပြင် နေထိုင်ရာ ဒေသအလိုက်ကိုကြည့်၍လည်း သတ်မှတ်ပေးရမည်။

ဥပမာ – ကရင်လူမျိုးစုကြီးကိုယ်စားလှယ်များကို ကရင်ပြည်နယ်အပြင် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မွန်၊ တနင်္သာ ရီတို့တွင်နေထိုင်သော ကရင်လူမျိုးများကိုလည်း ကိုယ်စားလှယ်အရေအတွက် သတ်မှတ်ပေးထားရမည်။ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တွင် ယခုလက်ရှိဒေသအလိုက် သူ့အခြေခံဥပဒေနှင့်သူ ရေးဆွဲပြဌာန်းပြီးဖြစ်၍ ဧရာဝ တီဒေသတွင် နေထိုင်သောလူမျိုးစုများသည် ဧရာဝတီဒေသ၏ အခြေခံဥပဒေကို လိုက်နာကြရမည်။ အခြားသောဒေသ များတွင် နေထိုင်သည့်လူမျိုးစုများလည်း ကိုယ့်ဒေသ၏ အခြေခံဥပဒေကို လိုက်နာနေထိုင်ကြရမည်။

ယခု ကျနော်တင်ပြခဲ့သော လူမျိုးစုလွှတ်တော် (အမျိုးသားလွှတ်တော်) ပုံသဏ္ဌာန်အတိုင်း ရေးဆွဲအတည်ပြုနိုင်လျှင်
၁။ တန်းတူညီမျှမှု ရှိသဖြင့် နိုင်ငံရေးအရ အနှစ်သာရရှိခြင်း
၂။ မည်သည့်ဒေသတွင်နေထိုင်သည့် လူမျိုးစုမဆို မိမိတို့ကိုယ်ပိုင်အခွင့်အရေးများ ရရှိခြင်း
၃။ ဗမာပြည်နယ်ယူရေးကိစ္စလည်း မလိုတော့ခြင်း
၄။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုလည်း ပိုမိုအားကောင်းလာခြင်း
၅။ ပြည်တွင်းစစ်လည်း ချုပ်ငြိမ်းသွားနိုင်ခြင်း စသော အကျိုးကျေးဇူးများ အမှန်တကယ် ရရှိနိုင်မည်ဖြစ်ကြောင်း…၊၊