ဇွန်လ ၁၂ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၅) နယ်မြေတွင် တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် ဖာပွန်စစ်ဘေးရှောင်ပြည်သူများကို ကေအဲန်ယူ တပ်မဟာ(၅)က သွားလိုရာမြို့ကို ပေးမသွားဘဲ တော တောင်ထဲတွင် ၃ လကျော်ကြာအောင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် Telegram Channel တွင် ဖော်ပြထားမှုမှာ ဝါဒဖြန့်မှုသာဖြစ်ကြောင်း ကေအဲန်ယူဘက်က တုန့်ပြန်လိုက်သည်။
အဆိုပါ စစ်ဘေးရှောင်များကို ကေအဲန်ယူအနေဖြင့် ယခင်က တောင်ယာလုပ်ကိုင်စားသောက်ခွင့်ပြုထားပြီး စစ်ကောင်စီတပ်က လမ်းပိုင်းတချို့တွင် ဒေသခံရွာသားများကို စစ်ဆေးမှုမေးမြန်းမှုများပြုလုပ်ခြင်းနှင့် စစ်ရှောင် နေရာများကို လေယာဉ် ဗုံးကြဲမှုများပြုလုပ်ခြင်းကြောင့် ၎င်းစစ်ရှောင်များကို ယာယီအသွားအလာ ကန့်သတ်ထားခြင်းမျိုးသာဖြစ်ကြောင်း ကေအဲန်ယူ တပ်မဟာ(၅)၏ ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စောကလယ်ဒို့က ယခုလို ပြောသည်။
“ပြည်သူ ၇၀ ကို ဖမ်းဆီးချုပ်နှောင်ပြီးတော့ ဖုန်းတွေသိမ်းတယ်ဆိုတဲ့သတင်းက မှန်ကန်မှုမရှိဘူး။ ရွာသားတွေက တောင်ယာတွေ လုပ်ကိုင်စားသောက်ကြဖို့ ခွင့်တောင်းတယ်။ အဲ့တာကြောင့် တောင်ယာ လုပ်ပိုင်ခွင့်ပြုပေးတယ်။ သူတို့အပြင်သွားလာတဲ့အပေါ်မှာ စကစတွေနဲ့ တိုးတော့စစ်ကောင်စီက သူတို့ကို မေးမြန်းတယ်။ သူတို့ရဲ့ ခိုလှုံတဲ့နေရာတွေမေးတော့ ပြောပြလိုက်တော့ အဲ့နေရာတွေကို လေယာဉ်နဲ့ ဗုံး လာကြဲတာ ၂ ခါရှိပြီး။ လေယာဉ်လာကြဲတော့ လက်ရှိထားပေးထားတဲ့နေရာမှာ လုံခြုံရေးအတွက် ယာယီ အပြင်ထွက်ခွင့်မပေးတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျန်ရှိနေတဲ့ စစ်ရှောင်ထားတဲ့နေရာတွေကို ထပ်ပြီးမသိစေချင်တော့ဘူး”ဟု ဒုဗိုလ်မှူး စောကလယ်ဒို့က ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် စစ်ကောင်စီအနေဖြင့် KNU နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ပေါင်းစည်းနေမှုအပေါ် မလိုလား၍ သွေးခွဲမှုများလုပ်ဆောင်နေခြင်းမျိုးသာဖြစ်ပြီး ပြည်သူလူထုများအနေဖြင့်လည်း သတင်းတု သတင်းအမှားများကို မှန်ကန်စွာ ဖတ်ရှုကာ သုံးသပ်နားလည်ကြရန်လည်း ဒုတိယ ဗိုလ်မှူးကြီး စောကလယ်ဒို့က တိုက်တွန်းပြောဆိုသည်။
တပ်မဟာ (၅) နယ်မြေတွင် လမ်းပန်းဆက်သွယ်ရေး နှင့် ဖုန်းလိုင်းများပြတ်တောက်နေပြီး စစ်ကောင်စီတပ်က လေယာဉ်၊ ဒရုန်းများဖြင့် မကြာခဏ လာရောက်ပစ်ခတ်မှုများရှိသောကြောင့် ဖာပွန်မြို့ပေါ်ရှိ ဒေသခံများနှင့် အနီးအနား ကျေးရွာရှိ အရပ်သားများ ဘေးလွတ်ရာ ထွက်ပြေးသိမ်းရှောင်နေရလျက်ရှိသည်။ လက်ရှိ မိုးရာသီ ကာလ ရောက်လာသည့်အတွက် ရာသီတုပ်ကွေးရောဂါများကို ကာကွယ်ရန် ဆေးဝါးလိုအပ်ချက်များ ရှိကြောင်းလည်း တိမ်းရှောင်နေရသည့် ဖာပွန် ဒေသခံတစ်ဦးက ပြောဆိုသည်။
ဖာပွန်မြို့ပေါ်တွင် ပိတ်မိနေသည့် အရပ်သားပြည်သူ (၃) ထောင်နီးပါးနှင့် မြို့အနီးကျေးရွာအုပ်စု ၄ အုပ်စုမှ ဒေသခံ ပြည်သူများမှာ စစ်ကောင်စီတပ်၏ လေယာဉ်များ မကြာခဏပျံဝဲနေသည့်အတွက်ကြောင့် ကျေးရွာ အတွင်းမနေရဲကြဘဲ လူဦးရေ (၁၃,၀၀၀) ခန့် တိမ်းရှောင်နေရပြီး ထွက်ပြေးတိမ်းရှောင်သူ နှင့် ပိတ်မိနေသူ လူဦးရေ စုစုပေါင်း (၁၆,၀၀၀) အထိရှိနေပြီးဖြစ်ကြောင်း ကေအဲန်ယူ မူတြော်ခရိုင်၏ ပြုစုထားသော စာရင်းအရ သိရသည်။