Home သတင်း ရားဖူးကျေးရွာအုပ်စုမှ စစ်ဘေးရှောင်များ နေရာထိုင်ခင်း အခက်အခဲကြုံတွေ့နေရ

ရားဖူးကျေးရွာအုပ်စုမှ စစ်ဘေးရှောင်များ နေရာထိုင်ခင်း အခက်အခဲကြုံတွေ့နေရ

737
Photo: (ပုံဟောင်း) - စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပျက်စီးသွားသောနေ အိမ် ( Photo Crd-ဒေါနစစ်ကြောင်း)

ဇွန်လ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရားဖူးသစ်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် နှစ်ဖက် တိုက်ပွဲ ကြောင့် စစ်ဘေးတိမ်းရှောင်နေရသော ဒေသခံများအနေဖြင့် မိုးတွင်းကာလစစ်ဘေးရှောင်ရ၍ နေရာ ထိုင်ခင်း အခက်အခဲများကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူ ဒေသခံများက ပြောသည်။

ရားဖူးသစ်ကျေးရွာအနီး ဇွန်လ(၇)ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲဖြစ်စဉ်အပြင် ရေဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ မောရဝတီရေတပ်ဌာနချုပ်မှ လက်နက်ကြီး ပစ်ခတ်မှုများ ကြောင့် ရွာလုံးကျွတ်စစ်ဘေးတိမ်းရှောင်နေသည့် ဒေသခံများသည် လက်ရှိတွင် နေရာထိုင်ခင်း အခက် အခဲများနှင့်ကြုံတွေ့နေရကြောင်း ရေဖြူမြို့နယ်ရှိ စစ်ဘေးရှောင်များအား အနီးကပ်ကူညီသူဒေသခံ တစ်ဦးက ပြောသည်။

၎င်းက “စပြေးတဲ့ရက်ကစပြီး အခုချိန်ထိ နေရာထိုင်ခင်း အခက်အခဲတွေကရှိနေတုန်းပဲ။ မိုးတွင်းလည်း ဖြစ်တာကို ပြီးတော့ပြေးရတဲ့နေရာတွေက နီးစပ်ရာ ဥယျာဉ်ခြံတွေကို ပြေးရတာဆိုတော့ ခြံထဲမှာရှိတဲ့ နေရာလွတ်တွေမှာ လိုက်နေရတယ်။ တာလပတ်တို့ ထိုင်ဖို့အတွက် အခင်းတွေ ဖျာတွေက အစလိုအပ်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ရေဖြူမြို့အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း(ခမရ-၄၁၀) မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိ အချိန်တွင် ရားဖူးသစ်ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားသောကြောင့် ဒေသခံများအနေဖြင့် နေရပ်မပြန်ရဲသေးကြောင်း ၎င်းက ဆက်ပြောသည်။

ယခုလက်ရှိတနင်္သာရီတိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းမှုများ ဖြစ်ပေါ်နေသောကြောင့် နီးစပ် ရာ ဥယျာဉ် ခြံများအတွင်း နေထိုင်နေရသည့် စစ်ဘေးရှောင်များအနေဖြင့် ဖျားနာမှုများရှိနေသည့် အပြင် ဆေးဝါးလုံလောက်မှုမရှိသည့် ပြဿနာများလည်း ကြုံတွေ့နေရကြောင်း စစ်ရှောင်ကူညီသူက ဖြည့်စွက်ပြောသည်။

“စစ်ဘေးရှောင်က ငါးရာကျော်လောက်ရှိတယ်။ ကလေးတွေက အများဆုံးပေါ့။ ရွာတွေကဆိုတော့ ကလေးအများစုက မိုးတွင်းက အေးတော့ ခံနိုင်ရည်မရှိဘဲ ဖျားနာတဲ့ အခြေအနေတွေလည်းရှိတယ်။ လတ်တလောမှာတော့ ရှိတဲ့ဆေးနဲ့ သောက်ဆေးတွေနဲ့ ကုနေရတယ်။” ဟု ထိုစစ်ရှောင်ကူညီသူက ပြောသည်။

ထို့အပြင် ရားဖူးရွာသစ်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲအပြင် စစ်ကောင်စီရေတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် (၈)လသား အရွယ်ကလေးငယ်တစ်ဦး၊ ( ၇) နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ၎င်းတို့၏ မိဘနှစ်ပါး အပါအဝင် စုစုပေါင်း မိသားစုဝင် ၄ ဦးလုံး သေဆုံးခဲ့ ရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

လက်ရှိအချိန်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထား လျက်ရှိသည့် ရေး-ထားဝယ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် အရပ်သား အိမ်စီးကားနှင့် ကျောက်သယ်ကားများဖြင့် အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေ၍ ထိုလမ်းပိုင်းအား ဇွန်လ (၉)ရက်နေ့မှစတင်ကာ အရေးတကြီးမလိုအပ်ပါက လုံးဝအသုံးမပြုကြရန် MSRF က သတိပေးပြောဆိုထားသည်။