ဇွန်လ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာအနီးတွင် ပြီးခဲ့သည့် ဇွန်လ(၂၀)ရက်နေ့က စစ်ကြောင်းထိုးလာသော စစ်ကောင်စီနှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် ပူးပေါင်းတပ်ဖွဲ့ဝင်(၂)ဦးအား စစ်ကောင်စီကဖမ်းဆီးရမိပြီး သတ်ဖြတ်လိုက်ကြောင်း ဒေသခံများကပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် CDM ပြုလုပ်ထားသူ ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦး နှင့် နောက်ထပ်တစ်ဦးအား လက်နက် နှင့်တကွ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီးမှ သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အခြားအသက်မပြည့်သေးသည့် လူငယ်နှစ်ဦးလည်း အဖမ်းခံခဲ့ရကာ လွတ်မြောက်ခြင်းရှိ မရှိမသိရှိရသေးကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။
“ပိန္နဲကုန်းဘက်ကို ဗြုန်းစားကြီးဝင်လာတာ နှစ်ယောက်ဖမ်းခံရတယ်။ ဖမ်းခံရတဲ့အထဲမှာ ရဲ CDM လေး တစ် ယောက်ပါတယ်။ သေနတ်တစ်လက်နဲ့ပစ္စတိုတစ်လက်လည်း ပါသွားတယ်။ တစ်ယောက်ကတော့ လည်ပင်း လှီးပြီးသတ်ခံလိုက်ရတယ်။ ကွေ့ကြီးဘက်မှာလည်း ၁၄၊ ၁၅ နှစ် လူငယ်နှစ်ယောက်ကိုဖမ်းသွားတာ ပြန်လွတ် မလွတ်မသိရသေးဘူး။” ဟု ကေအိုင်စီ သို့ပြောသည်။
ပြီးခဲ့သည့်အပတ်မှ လက်ရှိအချိန်ထိ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၁) နယ်မြေရှိ ကျေးရွာများ ဘက်သို့ စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်လာရာ ပိန္နဲကုန်းရွာအနီးတွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွား ခဲ့ခြင်းဖြစ်သည်ဟု မြေပြင်သတင်းအရင်းအမြစ်များက ဆိုသည်။
စစ်ကောင်စီ၏ ဝါဒဖြန့် လှုမှုကွန်ရက်စာမျက်နှာအချို့တွင်လည်း စစ်ကောင်စီမှ နယ်မြေရှင်းလင်းရေး လုပ် ဆောင်စဥ် KNUနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF ပူးပေါင်းတပ်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ရာ ပူးပေါင်း တပ်ဘက်မှ အထိနာခဲ့ပြီး လက်နက်ခဲယမ်းများအပြင် ပူးပေါင်းတပ်ဖွဲ့ဝင်(၂)ဦး သေဆုံးခဲ့သည်ဟု ပုံနှင့်တကွ ဖော်ပြထားသည်။
တစ်ပတ်ကျော်ကြာ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းကြောင့် ပိန္နဲကုန်း၊ အင်္ဂဘို၊ မဲရုံလေး အစရှိသည့် ကျေးရွာမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသလို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းလုပ်ဆောင်သည့်အတွက် နေအိမ်မပြန်ရဲကြသေးကြောင်းလည်း ဒေသခံများကပြောသည်။
နောက်ထပ် ဒေသခံအမျိုးသမီးတစ်ဦးက “ဒီဘက်တွေကို စစ်ကြောင်းထိုးနေတာ တစ်ပတ်ကျော်နေပြီး။ ရွာသားတွေကတော့ လွတ်တဲ့နေရာပြေးကြတာပေါ့။ ပိန္နဲကုန်း၊ အင်္ဂဘို၊ မဲရုံလေးဘက် စစ်တပ်က ဆင်းလိုက် တက်လိုက် လုပ်နေတာ။ အခုလည်း လက်နက်ကြီးနဲ့ရွာတွေဘက်ကိုပစ်တယ်။ စစ်ကြောင်းလည်း ပြန်မထွက် သေးဘူး အင်္ဂဘိုမှာရော ပိန္နဲကုန်းမှာရော တစ်ဖွဲ့စီရှိသေးတယ်လို့ကြားတယ်” ဟု ကေအိုင်စီကို ပြောသည်။
ယခု ဇွန်လဆန်းပိုင်းတွင် သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီတပ်က ကျိုက်ထိုနှင့်သထုံမြို့နယ်ရှိ ကျေးရွာများ ဘက်သို့ လက်နက်ကြီးပစ်ခတ်သည့်အပြင် လေကြောင်းမှနေ၍လည်း တိုက်ခိုက်သည့်အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရပ်သားနေအိမ် နှင့် သာသနာတော်ပိုင်အဆောက်အဦးများ ထိခိုက် ပျက်စီးခဲ့ရကြောင်းလည်း KNU ဗဟို၏ ဇွန်လ(၆)ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။