Home သတင်း ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံး

ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံး

729
Photo: KNU

ဇွန်လ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး မြို့နယ်တွင် ပြီးခဲ့သည့်ဇွန်လ(၂၀)ရက်နေ့က စစ်ကောင်စီ၏ခြေမြန်တပ်ရင်း (ခမရ-၃၀၇)မှ လက်နက်ကြီး ပစ်ခတ်ခဲ့သဖြင့် ပေါက်ကုန်းကျေးရွာနေ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။

ထိုနေ့ ညနေပိုင်းက ပဲနွယ်ကုန်းမြို့နှင့်နတ်သံကွင်းမြို့အကြားရှိ ပေါက်ကုန်းကျေးရွာအနောက်ပိုင်းသို့ စစ်ကောင်စီ ၏ ခမရ(၃၀၇)တပ်ရင်းမှ (၁၂၀ မမ) လက်နက်ကြီးပစ်ခတ်ခဲ့သဖြင့် အသက်(၂၃)နှစ်အရွယ်ရှိ နော်လားပွယ်စေး သည် လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျောက်ကြီးဒေသခံအမျိုးသားတစ်ဦးက “အဲဒီ ခမရ(၃၀၇)က ရွှေဝါရွာမှာအခြေစိုက်တဲ့တပ်ရင်းလေ။ ပေါက်ကုန်းရွာ နဲ့ နည်းနည်းလှမ်းတယ်။ ဟိုရက်ကတည်းက အဲဒီဘက်မှာ တိုက်ပွဲမဖြစ်လည်း တောက်လျှောက် လက်နက်ကြီးထုတယ်။ နေ့တိုင်းလိုလို တစ်ရွာမဟုတ်တစ်ရွာကို ပစ်ပစ်ချချနေတာ။ ပိန်းဇလုပ် (၂၆၄) တပ်ရင်း ဆိုလည်းသူတို့ပစ်ချင်တဲ့နေရာကို လိုက်ပစ်နေတာပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူ ဗဟို၏ ထုတ်ပြန်ချက်တွင်လည်း ပိန်းဇလုပ်မြို့အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ-၂၆၄) မှ ဇန်နဝါရီလ(၁၈)ရက်နေ့က လက်နက်ကြီးအပြင် ဟာဝှစ်ဇာအမြောက်နှင့်ပါ ပစ်ခတ်ခဲ့ခြင်းကြောင့် ကျေးရွာများဘက်သို့ စုစုပေါင်းလက်နက်ကြီးကျည်(၁၁)လုံး ကျရောက်ပေါက်ကွဲပြီး ရေတွင်းကုန်း၊ ကျောက် တန်း၊ ချိုအင်း အစရှိသည့် ကျေးရွာများမှ ဒေသခံ အရပ်သားနေအိမ်(၃)လုံး ထိခိုက်ပျက်စီး ခဲ့ရသေးကြောင်း ဖော်ပြထားသည်။

Photo: KNU

ကျောက်ကြီးမြို့နယ်သာမက ညောင်လေးပင်ခရိုင်ရှိ ကျန်ရှိမြို့နယ်များတွင် စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွား ခြင်းမရှိသည့်တိုင် လက်နက်ကြီးပစ်ခတ်မှုနှင့်လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိပြီး ၎င်းတို့ စစ်ကြောင်းထိုးဝင်ရောက်စဥ် လမ်းကြောင်းရှင်းပစ်ခတ်ခြင်းများ လုပ်ဆောင်သဖြင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ် ထိခိုက်ပျက်စီးမှုမှာ ပိုမိုဆိုးရွားလာသည်။

အဆိုပါ အခြေအနေများနှင့်နှစ်ဖက်တိုက်ပွဲများကြောင့် ညောင်လေးပင်ခရိုင်အပါအဝင် ကေအဲန်ယူ ခရိုင်(၇) ခုလုံးတွင် နေရပ်စွန့်ခွာရှောင်တိမ်းနေရသူ စုစုပေါင်းမှာ ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းက (၇)သိန်းကျော်ရှိခဲ့ရာမှ ယခုနှစ်ဝက်အတွင်း (၁၀)သိန်းကျော်အထိ မြင့်တက်လာခဲ့ကြောင်း KNU ဗဟိုက ပြုစုထုတ်ပြန်ထားသည့် မှတ် တမ်းများအရ သိရသည်။

ထို့အတူ စစ်ဘေးရှောင်ဦးရေ (၁၀)သိန်းကျော်အနက် ညောင်လေးပင်ခရိုင်ရှိ စစ်ရှောင်ပြည်သူဦးရေသည် ၂၀၂၄ ခုနှစ် မေလအထိ စာရင်းများအရ ယခင် ၂ သိန်းကျော်မှ ယခု ၅ သိန်းနီးပါးအထိ နှစ်ဆကျော် မြင့်တက် လာခဲ့သည်ဟုလည်း KNU ၏ ဇွန်လ(၂၀)ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။