Home သတင်း နေရပ်ပြန် ကျိုက်ဒုံဒေသ စစ်ဘေးရှောင်များ စစ်ကောင်စီ၏ လေယာဉ်ထပ်မံဗုံးကြဲချမည်ကို စိုးရိမ်နေရ

နေရပ်ပြန် ကျိုက်ဒုံဒေသ စစ်ဘေးရှောင်များ စစ်ကောင်စီ၏ လေယာဉ်ထပ်မံဗုံးကြဲချမည်ကို စိုးရိမ်နေရ

384
Photo: CJ

ဇွန်လ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးအသားအစည်းအရုံး၊ ဒူးပလာယာခရိုင်/တပ်မဟာ(၆)နယ်မြေ၊ ကော့ ကရိတ်မြို့နယ် တောင်ပိုင်းရှိ ကျိုက်ဒုံဒေသအတွင်း ပြီးခဲ့သည့် မတ်လက ဖြစ်ပွားသော နှစ်ဖက် တိုက်ပွဲ များကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများအနေဖြင့် ယခုအချိန်တွင် နေရပ်သို့ ပြန်လည် နေထိုင်နေကြသော်လည်း စစ်ကောင်စီ၏ လေယာဉ် ထပ်မံဗုံးကြဲချတိုက်ခိုက်မည်ကို စိုးရိမ် လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ(၁၄)ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-(KNLA) ပူးပေါင်း တပ်ဖွဲ့ဝင်များမှ ကျိုက်ဒုံစစ်ကောင်စီဗျူဟာကုန်းစခန်းသို့ တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း ငါးလ ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများသည် လက်ရှိတွင် ကျေးရွာအတွင်းသို့ ပြန်လည်အခြေချ လုပ်ကိုင်စားသောက်နေပြီးဖြစ်ကြောင်း ကျိုက်ဒုံမြို့ရှိ ဒီမိုကရေစီ အကျိုး ပြုကရင် တပ်မတော်-DKBA တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

“အခုဆိုရင် သုံးပုံနှစ်ပုံကတော့ပြန်လာနေပြီး။ တချို့ကတော့ ကွမ်းခြံတွေရှိတဲ့သူတွေကတော့ ကွမ်းလုပ်တယ်။ လယ်ရှိတဲ့သူတွေကတော လယ်လုပ်တယ်။ တချို့တွေကတော့ ကြောက်လို့ ပြန်မလာတဲ့ သူတွေလည်းရှိတယ်။ သူတို့ပြန်လာတာကတော့ ကျိုက်ဒုံ စစ်ကောင်စီစခန်း ကျပြီး နောက်ပိုင်းမှာပြန်လာကြတယ်။ ဆိုင်ရှိတဲ့သူတွေက ဆိုင်လာဖွင့်ကြတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ ကျိုုက်ဒုံဒေသအတွင်း၌ အိမ်ခြေ (၁,၀၀၀) ဝန်းကျင်အထိရှိပြီး စစ်ကောင်စီ တပ်စခန်းကင်းစင် နယ်မြေ ဖြစ်သွားသောကြောင့် ဒေသခံများ ယခုလို ပြန်လည်ဝင်ရောက်နေထိုင်ကြသော်လည်း စစ်ကောင်စီ၏ လေကြောင်းရန်ကို စိုးရိမ်နေကြရသေးကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

ကျိုက်ဒုံဒေသရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းစခန်းကို အပြီးတိုင် သိမ်းပိုက်ရရှိနိုင်ရန်အတွက် KNLA ပူးပေါင်းတပ်ဖွဲ့အနေဖြင့် ၅ လ ခန့်ကြာ အချိန်ယူတိုက်ခိုက်ခဲ့ရသလို ကျိုက်ဒုံစခန်းသိမ်းပိုက်ပြီး တစ်လအကြာတွင် ထိုင်း-မြန်မာနယ်စပ်အနီးရှိ ဖုချိမူစစ်ကောင်စီတပ်စခန်းကိုလည်း ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ကျိုက်ဒုံဗျူဟာကုန်းစခန်း နှင့် ဖူချိမူစခန်းအပါအဝင် ထိုင်း-မြန်မာနယ်စပ်တွင်ရှိသည့် ရေတ လျောက်စခန်း၊ မယ်သရောထစခန်း၊ ကွီးလုံတိုင်စခန်း၊ ထီးထဘောစခန်း၊ ခုတ်ခွားစခန်း နှင့် အဇင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များမှ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး ဒေသခံအများစုမှာ မိမိနေရပ်သို့ပြန်လည်အခြေချနေထိုင်ကြပြီဟု သိရသည်။