Home တွေ့ဆုံမေးမြန်းခန်း တောင်ငူခရိုင်၊ ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန တာဝန်ရှိသူနှင့် ဆက်သွယ်မေးမြန်းခြင်း။

တောင်ငူခရိုင်၊ ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန တာဝန်ရှိသူနှင့် ဆက်သွယ်မေးမြန်းခြင်း။

221
Photo: KDHW

တောင်ငူခရိုင်၊ ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန တာဝန်ရှိသူနှင့် ဆက်သွယ်မေးမြန်းခြင်း။

ဇွန်လ ၁၄ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
———————

“Refer (လူနာလွှဲပြောင်းခြင်း)လုပ်ဖို့ လမ်းကြောင်း တွေလည်း ကြပ်တဲ့အတွက်ကြောင့် မိခင်အသက်ဆုံးရှုံးရတာတွေလည်းရှိခဲ့တယ် ။”

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏ တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင်အတွင်းရှိ ဒေသအချို့ တွင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတိုက်ပွဲများ ဖြစ်ပေါ်လာရုံသာမက ဖြတ်လေးဖြတ်နည်းလမ်းကျင့်သုံးကာ ဆေးဝါးပို့ဆောင်မှုကို ကန့်သတ်ပိတ်ပင်မှုများကြောင့် ဆေးဝါးနှင့်ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်ဖြစ်ပေါ်လာရသည်။

အထက်ပါအခြေအနေကြောင့် တပ်မဟာ(၂)အတွင်း ဆေးပေးခန်း၊ ဆေးဝါး၊ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်၊ မြေပြင်ကျန်းမာရေးလုပ်သားများ၏ အခက်အခဲ၊ ဆေးဝါးပိတ်ပင်ခံထားရသည့်အပေါ် အခြေအနေများကို သိရှိနိုင်ရန် KNU နယ်မြေများအတွင်း ကျန်းမာရေးကဏ္ဍ၌ ဝန်ဆောင်မှုပေးနေသည့် ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန-KDHW မှ တာဝန်ရှိ ဆရာမတစ်ဦးနှင့် ဆက်သွယ် မေးမြန်းထားပါသည်။

မေး။ ။ KNU တပ်မဟာ(၂)နယ်မြေမှာ ကျန်းမာရေးဆေးပေးခန်း လိုအပ်ချက်ဘယ်လောက်ကြီးသလဲ၊ ဆေးဝါးကန့်သတ်ခံရမှု ဘယ်လောက်ရှိသလဲ ပြောပြပေးပါဦး။
ဖြေ။ ။အဲဒီဟာက ကျမတို့ရဲ့နယ်မြေတိုင်းမှာဖြစ်နေတာပါ။ တစ်နေရာတည်းမဟုတ်ပါဘူး ။ ကျမတို့ ဆီမှာက များသောအားဖြင့် ပရောဂျက်တွေဆီကရလာတဲ့ ဆေးဝါး ကိုတာ(ခွဲတမ်း)ကိုပဲ ခွဲပေးရ တာများတယ်။ တပ်မဟာ(၂)ဘက်မှာ အရင်တုန်းက အစိုးရဘက်က ဆေးခန်း တော်တော်များ များရှိတယ်။ ကျမတို့ KDHW ရဲ့ ကျန်းမာရေးဆေးပေးခန်းကတော့ (၃)ခုရှိတယ်။ အခု ထပ်လိုလာတဲ့အခါကျတော့ နောက်ထပ် ထပ်ချဲ့တာရှိတယ်။

ဆေးဝါးတွေက ပရောဂျက်တွေနဲ့လုပ်ရတဲ့အခါကျတော့ သူ့ခွဲတမ်းနဲ့ပေးတဲ့ဥစ္စာတွေကိုပဲ မျှပြီး သုံးစွဲရ တာရှိတယ်။ ပရောဂျက်အောက်မှာရှိတဲ့ဆေးခန်းတွေကိုပဲ ပြန်ဝေပေးတာ။ ခုနကပြောတဲ့ တပ်မဟာ(၂) ထဲက ဆေးခန်းတွေလည်းပါတာပေါ့။ ရတဲ့ခွဲတမ်းအတိုင်းကိုပဲ ပို့နိုင်တာဖြစ်တယ် ကျမတို့မှာ လိုအပ်ချက်၊ အားနည်းချက်ကအများကြီးရှိသေးတယ်။ Refer (လူနာလွှဲပြောင်းခြင်း)လုပ်ဖို့ လမ်းကြောင်း တွေလည်း ကြပ်တဲ့အတွက်ကြောင့် မိခင်အသက်ဆုံးရှုံးရတာတွေလည်းရှိခဲ့တယ် ။ တပ်မဟာ (၅)ဘက်မှာလည်း အလားတူပေါ့ အခုလည်းဖြစ်နေတုန်းပဲ။ အားလုံးကိုတော့ လက်လှမ်းမှီနိုင်သေးပါဘူး။

မေး။ ဒီအခြေအနေတွေက စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုခက်ခဲလာတာလား သိပါရစေ။
ဖြေ။ ။ ဟုတ်ပါတယ်။ အရင်တုန်းကလို တည်ငြိမ်နေတဲ့အနေအထားမှာ ဖြည်းဖြည်းနဲ့လုပ်သွားရင်တော့ ဖြစ်ကောင်းဖြစ်နိုင်မယ်။ ဒီအာဏာသိမ်းပြီးနောက်ပိုင်းမှာကျတော့ အစိုးရဆေးခန်းတွေက အဆင် မပြေတော့တာတစ်ကြောင်း၊ ကျမတို့ဆေးခန်းတွေ ထပ်ချဲ့မယ်ဆိုတော့လည်း ဖြည်းဖြည်းချင်း သွားနေတာရှိပေမယ့် အကုန်လုံးကိုတော့ မလွှမ်းခြုံနိုင်သေးတာကြောင့်ပါ။

မေး။ တောင်ငူခရိုင်/တပ်မဟာ(၂)ထဲမှာ KDHW ရဲ့ ကျန်းမာရေးဆေးပေးခန်းတွေရှိပြီးသားဖြစ်တယ်။ ထပ်ချဲ့ဖို့ လည်းရှိတယ်ဆိုတော့ လိုအပ်ချက် ဘာတွေရှိနေလဲ။
ဖြေ။ ။ ချဲ့ဖို့ဆိုတာ HR(လူသားအရင်းအမြစ်)ကလည်း အများကြီးလိုအပ်တာကိုး၊ ကျမတို့က Structure (ဆေးပေးခန်းဖွဲ့စည်းပုံ) ပြည့်မီဖို့ဆိုရင် Medic (ကျန်းမာရေးလုပ်သား)လိုအပ်တာတွေရှိတယ်။ ရှိပြီးသား ဆေးခန်းတွေတောင်မှ Structure မပြည့်သေးတာတွေရှိတယ်။ အဲ့လိုအခါကျတော့ လောလောဆယ် တပ်မဟာ(၂)ထဲမှာ အားလုံးပေါင်း ကျန်းမာရေးဆေးပေးခန်း(၇)ခုရှိတယ်ဆိုပေမယ့် အားလုံးမှာ Structure တော့ပြည့်နေတာမဟုတ်သေးပါဘူး။

မေး။ လမ်းခရီးအခက်အခဲကြောင့် ဆေးအကူအညီလိုအပ်သလောက် ရောက်မလာတာတွေရှိနေတဲ့အပေါ်မှာရော ဘာပြောချင်လဲ။
ဖြေ။ ။ ဒါက တပ်မဟာ(၂)တင်မကပါဘူး။ တပ်မဟာ(၇)ထဲမှာတင် အရမ်းကိုခက်ခဲတယ်။ ပရော ဂျက်ကရတဲ့ကိုတာကနည်းတာကိုး။ ခရိုင်တွေကို ဖြန့်ပြီးတော့မှ ခရိုင်တွေကနေ ပြန်လုပ်ပေးတယ်။ အဲဒီလိုအနေအထားတွေပဲ ရှိသေးတယ်။ ဆေးတွေက အကူအညီလှမ်းတောင်းသော်လည်း ပို့ဖို့ ခက်ခဲတာကတစ်ကြောင်း အဲဒီအတွက် ငွေကြေးတစုံတရာမရှိတာကတစ်ကြောင်း ပြီးတော့ ကျမတို့ ရုံးက Project Program အောက်ကနေ ရလာတဲ့ပိုက်ဆံတွေကနေပဲ ဝယ်ပြီးတေ့ာမှ အစီအစဥ် ထဲမှာပါတဲ့ ဆေးခန်းတွေကို ပေးတယ်။ တစ်ခါတလေကျရင် သူတို့လိုချင်တာရှိရင် အပြင်က တခြားမှာ ရသလောက် လိုက်ရှာဝယ်ပေးတာ ရှိတယ်။ ဒါ‌ပေမဲ့ အကုန်လုံးတော့ ပြည့်ပြည့်ဝဝမရနိုင်တဲ့ အခြေအနေတော့ ရှိတယ်။

မေး။ ဒီကနေ ဆေးတွေတင်ပို့တဲ့အခါ ရှေ့ကပြောသွားသလိုမျိုး စစ်အာဏာသိမ်းတဲ့အခါမှာတော့ ပိုဖြစ်တယ်ဆိုတော့ ဘာတွေ နောက်ထပ်အခက်အခဲကြုံရလဲ။
ဖြေ။ ။ အခက်အခဲကတော့ ကျမတို့ ပစ္စည်းတွေသွားတဲ့အခါ လမ်းမှာစစ်ဆေးရေးဂိတ်တွေရှိတယ်။ တချို့က ဘာပစ္စည်းတွေလည်းဆိုတာတွေ စစ်တယ်။ ဒီထိုင်းဘက်ခြမ်းမှာတော့ တချို့နေရာမှာတော့ အဆင်ပြေတယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ တောင်ငူဘက်ခြမ်းဆို အရင်တုန်းက တောင်ငူဘက်ကနေ ဆေးဝယ်ပြီးတော့မှ ပြန်ဖြန့်လို့ရတယ်။ နောက်ပိုင်းကျတော့ သူတို့က ဝယ်တဲ့ကားတွေရဲ့ အောက်တွေမှာတောင် အကုန်လုံးလိုက်ရှာကြတော့ ခွဲဝယ်တာလုပ်ပြီး လှည့်ပတ်သယ်ရတဲ့ အခက် အခဲလေးတွေ ရှိတယ်။ သုံးဘီးလေးတွေနဲ့ သယ်ရတာတို့ ဆိုင်ကယ်တွေနဲ့ခွဲပြီး သယ်ရတာတို့ အဲလိုအခြေအနေလေးတွေတော့ ရှိတယ်။

မေး။ ဒီအခြေအနေကနေ လွတ်မြောက်နိုင်အောင် လမ်းပန်းဆက်သွယ်ရေးအခက်ခဲက နယ် မြေတည်ငြိမ်မှ ဖြစ်မယ်ဆိုပေမယ့် တခြားဆေးဝါးမလုံလောက်မှုတွေအပိုင်းမှာရော ပိုပြီး အဆင်ပြေလာနိုင်ဖို့ ဘာတွေထပ်ပြီးကြိုးစားရအုံးမယ် ထင်လဲ။
ဖြေ။ ။ ကျမတို့အနေနဲ့ ပြောရမယ်ဆိုရင် Supply (ထောက်ပံ့ရေး)နဲ့ Demand ( လိုအပ်ချက်)တို့က မမျှသေးဘူး။ ဘာလို့လဲဆိုရင် ခရိုင်ကလည်း (၇) ခုလောက် ဖြစ်နေတော့ အကုန်လုံးကို မခြုံ ငုံမိနိုင်သေးဘူး။ နောက်ပြီးတော့ စီမံခန့်ခွဲမှုအပိုင်းတွေလည်း လိုသေးတယ်။ အခုလောလောဆယ်က ဒီဆေးဝါးသုံးစွဲမှုနဲ့ပတ်သက်ပြီး စနစ်တကျ ပြန်လုပ်နေတာတွေ ရှိတယ်။ သူတို့ဘယ်လောက်သုံးတယ် ၊ ဘယ်လောက်လိုအပ်တယ်ဆို တာမျိုးလေးတွေ ရှိတယ်။ ဒီဆေးဝါးတွေဝယ်ယူဖို့ ငွေကြေးက အဓိကဆိုပေမယ့် ဆက်ပြီးတော့ အသုံးပြုမယ့်နေရာကို သေချာရောက်ဖို့ရယ် ၊ အသုံးကောင်း ကောင်းပြုနိုင်ဖို့ရယ်အတွက် အရင်ဆုံးဆေးဝယ်ဖို့ ငွေကြေးလိုမယ်။ ဒါတွေကို ကောင်းကောင်း စနစ်တကျနဲ့ အသုံးပြုနိုင်ဖို့ သေချာရောက်ရှိနိုင်ဖို့အတွက် ဒီလိုစီမံခန့်ခွဲမှုတွေ လိုသေးတယ်။ အဲဒါတွေကိုလည်း ဆေးဝါးအဖွဲ့ကတော့ ကြိုးစားပြီးတော့ လုပ်ဆောင်နေတုန်းပဲ။

မေး။ ကော်သူးလေ တပ်မဟာ (၇)ခုလုံးအနေအထားနဲ့ဆိုရင် ကျန်းမာရေးစောင့်ရှာက်မှု အလှမ်းမမီတဲ့ (ဥပမာ- ကိုယ်ဝန်ဆောင်အဆင့်မှာ ကာကွယ်ဆေးမနိုင်တာ) အဲဒီအခြေအနေမှာ မိခင်နဲ့ကလေးတို့ရဲ့ သေဆုံးမှု၊ ဖျားနာမှုအပိုင်းတွေမှာရော ဘယ်လိုရှိလဲ။
ဖြေ။ ။ မိခင်နဲ့ကလေးမှာက ကာကွယ်ဆေးကတော့ အဓိက DD လို့ခေါ်တဲ့ မေးခိုင်ကာကွယ်ဆေး နှစ်ခုကို ထိုးပေးပါတယ်။ အကုန်လုံးလည်း နေရာတိုင်းတေ့ာ မရသေးဘူး။ ဒါပေမဲ့ အဲဒီကာ ကွယ်ဆေးနဲ့ပတ်သက်လို့ သေဆုံးရတာ သိပ်တော့မရှိဘူး။ များသောအားဖြင့် သေဆုံးတာနဲ့ရှိလာတာက သူတို့ရဲ့မှားယွင်းတဲ့ အပြုအမူတွေ ယုံကြည်ချက်တွေကြောင့် သေဆုံးမှုနှုန်းတွေက ရှိသေးတယ်။ အဲဒီအတွက်လည်း ကျမတို့က ဘယ်လိုစည်းရုံးရမလဲဆိုတာတွေ ဆက်ပြီးလုပ်ဖို့စဥ်းစားထားတာတွေ ရှိတယ်။ အဓိကတော့ အားလုံးလက်လှမ်းမမီနိုင်တာပေါ့။ ကျမတို့ကရင်လူမျိုးတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ်မှာ သူတို့တွေအားကိုးလာဖို့ လိုသေးတဲ့ဟာတွေလည်း လုပ်ရဦးမယ်။ ကာကွယ်ဆေးကတော့ (၅)နှစ်အောက် ကလေးတွေမှာ ပိုပြီးတော့ ပြောဖို့ရှိတယ်။ မိခင်မှာကျတော့ ကာကွယ်ဆေး လုံလုံလောက်လောက်တော့ မရသေးဘူး။ ဒါပေမဲ့ ကာကွယ်ဆေးကြောင့် အသက်ဆုံးရှုံးရတာတွေအထိတော့ မရှိပါဘူး။

မေး။ ဆရာမပြောသွားတဲ့ထဲက မှားယွင်းတဲ့အပြုအမူနဲ့လုပ်ဆောင်ချက်တွေက ဘာတွေများလဲ။
ဖြေ။ ။ မှားယွင်းတဲ့အပြုအမူဆိုတာ တချို့တွေက ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုကို အပြည့်အ ဝမခံယူတာလည်း ရှိမယ်။ ပြီးတော့ သူတို့ရဲ့အတွေးမှာလည်း ဒီကလေးမွေးတဲ့ မီးဖွားခြင်းဖြစ်စဥ်က ချောမွေ့သွားတယ်ဆိုရင် ပြီးသွားမယ်။ ဒီဟာ ခက်ခဲတဲ့အရာမဟုတ်ဘူး။ ဒါပေမဲ့ အဲဒါကိုသေချာပြင် ဆင်ပြီးတေ့ာမှ လုပ်ရမယ့် ဟာလေးတွေက သူတို့ရဲ့ အတွေးအခေါ် ထဲမှာ မမိသေးဘူး။ ပြည်သူလူ ထုအနေနဲ့ သိပ်မကြောက်တတ်သေးဘူး။ တကယ်တမ်း ဆုံးရှုံးသွားရင် တအားနစ်နာတယ်။ မိခင်တစ်ယောက်ရှုံးပြီဆိုရင် ကလေးက သုံးလေးယောက်ကျန်ခဲ့မယ်။

ပြီးတော့ မိန်းမတွေကိုယ်တိုင်ရော တချို့သောအရပ်လက်သည်ကိုယ်တိုင်လည်း ထရိန်းမရတာ ဖြစ် ကောင်းဖြစ်နိုင်တယ်။ ဗိုက်တွေပွန်းတာတို့ စတဲ့ အပြုအမူလေးတွေလည်း ရှိသေးတယ်။ မွေးဖွားတဲ့ကိစ္စတွေမှာ ကြန့်ကြာတာတွေရှိတယ်။ တိုက်ပွဲကြားမှာတို့ဆို ဂိတ်တွေဖြတ်ရတာ ကားငှားရတာစတဲ့ ခက်ခဲတဲ့အခါမျိုးတွေမှာတော့ အသက်ဆုံးရှုံးရတာတွေလည်း ရှိပါတယ်။