ဇွန်လ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
အနာဂတ် ကော်သူးလေ(ကရင်ပြည်) ရရှိရေးအတွက် ကရင်လူငယ်များ ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ် ကြောင်း ယနေ့ ဇွန်လ (၁၄)ရက်နေ့တွင် ကျရောက်သော ကော်သူးလေနေ့အခမ်းအနားတွင် ကရင်အမျိုး သားအစည်းအရုံး-KNU ၏ ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက တိုက်တွန်းပြောဆိုလိုက်သည်။
ကေအဲန်ယူ-ဗဟိုတွင် ယနေ့ကျင်းပပြုလုပ်သည့် (၇၅)နှစ်မြောက် ကော်သူးလေနေ့အခမ်းအနားအတွင်း အမှာစကားပြောကြားရာတွင် နောင်အနာဂတ်ခေါင်းဆောင်ဖြစ်လာမည့် ကရင်လူငယ်များ လက်ရှိ ကရင်ခေါင်းဆောင်များထက် အဆများစွာသာလွန်နိုင်ရန် လုပ်ဆောင်ခြင်းဖြင့် ကရင်ပြည်နယ်ရရှိရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း ပဒိုစောသမိန်ထွန်းက တိုက်တွန်းထားခြင်းဖြစ်သည်။
“ကရင်လူငယ်တွေ တနေ့ခေါင်းဆောင်မလုပ်ချင်လည်းလုပ်ရမှာ၊ တွေးတတ်မြင်တတ်အောင်စဥ်းစားပါ ။ လူကြီးတွေကိုပုတ်ခတ်ပြောဆိုချင်ရင် စာဖတ်ပါ၊ စာမဖတ်ဘဲနဲ့ပြောချင်ရာပြော လုပ်ချင်တာ လုပ်မရဘူး ။ ဒီကနေ့လူငယ်တွေက ကျနော်တို့ထက်အရည်အချင်း ဆယ်ဆသာရတယ်။ အဲဒါမှ အနာ ဂတ်ကရင်ပြည်နယ်ရအောင် အလုပ်ကြိုးစားနိုင်မှာ ဒါကြောင့် မိမိကိုယ်ကိုယ်မိမိ ဝေဖန်ရေးလုပ်ရမယ် ။ လူကြီးတွေကိုမပုတ်ခတ်နဲ့ လူငယ်တွေက ကိုယ့်အတွေးအခေါ် လုပ်ရပ်ကိုအကုန်ပြင်ပါ” ဟု ပဒိုစောသမိန်ထွန်းက ပြောကြားသည်။
ခေါင်းဆောင်များအနေဖြင့်လည်း ကရင်ပြည်နယ်ရရှိရေး၊ မိမိကံကြမ္မာမိမိ ဖန်တီးခွင့်ရရေး စသည် တို့အတွက် အထောက်အကူပြုနိုင်သော ပညာတတ်လူငယ်များကို လိုအပ်လျက်ရှိသလို တဖက်ရန်သူနှင့် တော်လှန်ရေးလုပ်ဆောင်ရဦးမည့် အခြေအနေများကိုလည်း လေ့လာသုံးသပ်ရန်လိုအပ်ကြောင်း ပဒိုစောသမိန်ထွန်းက ကော်သူးလေနေ့အခမ်းအနားတွင် ဆက်လက်ပြောကြားခဲ့သည်။
၎င်းက “ကျနော်တို့ရဲ့ဘတ်ဂျက်၊ လူထုအကူအညီရရှိမှု ရန်သူက အချိန်ဆွဲတိုက်ဖို့ကြည့်နေတာ ကိုယ့် ကရင်ကမသိဘူး။ ဒါကြောင့်ဘယ်လောက်ထိ ရေရှည်သွားရမလဲဆိုတာ သေသေချာချာလေ့လာပါ။ နိုင်ငံရေး စစ်ရေးလုံးနေတာ ကရင်တွေပြန်လည်ပေါင်းစည်းရေးဆိုတာ တစ်ခု။ အဲဒီရှုပ်ထွေးမှုကို လူတွေကမရှင်းဘူး၊ နားမလည်ဘူး။ ဒါကြောင့် ကျနော်တို့က အမြန်ဆုံးအောင်နိုင်အောင် စောဘဦးကြီး ပြောသလိုပဲကရင်ပြည်ရအောင် ဝိုင်းဝန်းကြိုးစားကြရပါမယ်” ဟု အခမ်းအနားတွင် တိုက်တွန်းသည်။
ယနေ့ကျရောက်သော ကော်သူးလေနေ့အခမ်းအနားသို့ ပဒိုစောသမိန်ထွန်းအပါအဝင် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေး၊ တရားသူကြီးချုပ် ပဒိုနော်မြိုင်ဖိုးနှင့် အခြား တာဝန်ရှိခေါင်းဆောင်များအပါအဝင် ဒေသခံများ၊ ကရင်လူငယ်များ စုစုပေါင်း လူဦးရေ (၁၀၀)ဝန်းကျင် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ကော်သူးလေနေ့ ဖြစ်ပေါ်လာပုံနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များပေးဝေခြင်း၊ တက်ရောက်လာသော ခေါင်းဆောင်များက ကော်သူးလေနေ့ ဖြစ်ပေါ်လာပုံနှင့် အားပေးတိုက်တွန်းအမှာ စကားပြောကြားခြင်းအပြင် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကော်သူးလေနေ့သို့ ပေးပို့လာသော ဂုဏ်ပြုသဝဏ်လွှာများဖတ်ကြားခြင်း အစီအစဥ်တို့ကိုလည်း ပြုလုပ်ခဲ့ကြသည်။
၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ဖဆပလ အစိုးရနှင့် ကေအဲန်ယူ လက်အောက်ခံတပ်ဖွဲ့ဝင်များအကြား ရန်ကုန်တိုင်း အင်းစိန်၌ (၁၁၁)ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် ဇွန်လ ၁၄ ရက်နေ့၊ ကော်သူး လေမြို့တော်အဖြစ် ထားရှိသည့်တောင်ငူမြို့တွင် ကော်သူးလေ အစိုးရကို ဖွဲ့စည်းခဲ့သည်။
ကော်သူးလေအစိုးရ ဖွဲ့စည်းလိုက်ကြောင်းကိုလည်း တောင်ငူမြို့ ကော်သူးလေအသံလွှင့်ဋ္ဌာနမှ ထုတ်ပြန် အသံလွှင့်ခဲ့ပြီးနောက် တနေ့တွင်ပင် နိုင်ငံခြားအသံလွှင့်ဌာနများဖြစ်ကြသည့် BBC, All India, ပါကစ္စတန်နိုင်ငံနှင့် သြစတြေး လျားနိုင်ငံတို့ရှိ အသံလွှင့်ဌာနများကလည်း အဆိုပါ သတင်းကို ထုတ်ပြန်အသံလွှင့်ခဲ့သည်။
ထိုသို့ ကော်သူးလေ(ကရင်ပြည်နယ်)ထူထောင်လိုက်ကြောင်းနှင့်ကော်သူးလေ အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ကမ္ဘာသို့တရားဝင်ကြေညာလိုက်သည့် ဇွန်လ(၁၄)ရက်နေ့ကို ကော်သူး လေနေ့အဖြစ်သတ်မှတ်၍ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ခရိုင်(၇)ခုတွင် ယနေ့ထိတိုင် ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။



















