ဇွန်လ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာယာခရိုင်၊ မြဝတီမြို့ တောင်ဘက်ရှိ စစ်ကောင်စီ၏စုကလိစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ရရှိလာသော လက်နက်ခဲယမ်းစာရင်းများကို ဇွန်လ(၂၂)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
မတ်လ(၃၀)ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့သော စုကလိအခြေစိုက် အဆိုပါတပ်စခန်းကို ဇွန်လ(၁၇)ရက်နေ့တွင် KNLA ပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းနိုင်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ(၂၁)ရက်နေ့တွင် အပြီးသတ်သိမ်း ပိုက်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း KNU တပ်မဟာ(၆)၏ ထုတ်ပြန်ချက်အရ သိရသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင်(၆)ဦး သေဆုံး၍ စစ်သုံ့ပန်းအဖြစ် ဗိုလ်တစ်ဦး အပါ အဝင်တပ်ဖွဲ့ဝင်(၂၁)ဦး ဖမ်းဆီးရမိခဲ့ပြီး RPG (၇)လက်၊ MA အမျိုးအစား သေနတ်အလက်(၂၀)ထက်မနည်း နှင့် မိုင်းများအပြင် အခြားလက်နက်ခဲယမ်းများကိုလည်း KNLA ပူးပေါင်းတပ်ဘက်က သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
စုကလိစခန်းအား တိုက်ခိုက်စဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးသော်လည်း ပူးပေါင်း တပ်ဖွဲ့ဝင်များဘက်တွင်မူ(၁၅)ဦးသာအထိအခိုက်ရှိခဲ့ပြီး အကျအဆုံးမရှိကြောင်း KNLA ဘက်ကဆိုသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်(၁၄)ဦးမှာ မုလအိတောင်ခြေ ဧရိယာရှိ ကျေးရွာများဘက်သို့ ထွက်ပြေးလွတ် မြောက်နေပြီး ၎င်းတို့ကို KNLA ဘက်က ပိတ်ဆို့စစ်ဆေးမှု မည်ကဲ့သို့ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ခြင်း မရှိသေးသလို ကေအိုင်စီအနေ ဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
တပ်ဖွဲ့ဝင်အင်အား (၅၀)ခန့်ရှိသော အဆိုပါစုကလိစခန်းကို KNLA ပူးပေါင်းတပ်က ဝင်ရောက်မသိမ်းပိုက်ခင် စခန်းအတွင်းရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း(ခမရ-၅၆၀) နှင့် ခြေလျင်တပ်ရင်း(ခလရ-၃၂) မှ အရာရှိ နှင့် တပ်ဖွဲ့ဝင်များသို့ လက်နက်ချအညံ့ခံရန် အကြောင်းကြားစာ ပေးပို့ခဲ့သော်လည်း လိုက်နာခြင်းမရှိသည့်အတွက် ယခုလိုတိုက်ခိုက်ရခြင်းဖြစ်သည်ဟု KNU တပ်မဟာ(၆) က ဆိုသည်။
လက်ရှိအချိန်ထိ မြဝတီမြို့နယ် ဝေါ်လေဒေသတွင် ဝေါ်လေ၊ ထီးက ပလယ်၊ သေဘောဘိုး နှင့် ဥကရစ်ထ စသော စစ်ကောင်စီအခြေချနေသည့် တပ်စခန်းများ သိမ်းပိုက်ရန်ကျန်ရှိနေသလို နှစ်ဖက်တိုက်ပွဲများအကြား စစ်ဘေး ရှောင်ရသူ အများအပြားရှိနေသည်။
KNU အနေဖြင့် နယ်မြေအတွင်းကျန်ရှိနေသည့် စစ်တပ်စခန်းများကို သိမ်းပိုက်နိုင်ရန်ကြိုး ပမ်းဆောင်ရွက်နေပြီး စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့တပ်ဖွဲ့ကိုစွန့်ခွာ၍ KNU ထံလာရောက် ပူးပေါင်းကြရန် လည်း အဆိုပါထုတ်ပြန်ချက်မှတဆင့် ဖိတ်ခေါ်ထားသည်။