Home သတင်း ရွှေကုက္ကိုလ်တွင် ၃ နှစ်ပြည့် စစ်သားထောက်ပံ့ကြေးဟုဆိုကာ ပြည်သူများထံ ငွေကြေးကောက်ခံနေ

ရွှေကုက္ကိုလ်တွင် ၃ နှစ်ပြည့် စစ်သားထောက်ပံ့ကြေးဟုဆိုကာ ပြည်သူများထံ ငွေကြေးကောက်ခံနေ

750
Photo-KIC

မေလ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်မြို့တွင် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့များက ယခုမေလ ၁ ရက်နေ့မှစ၍ (၃)နှစ်ပြည့်စစ်သားထောက်ပံ့ကြေးဟုဆိုကာ မြို့ခံပြည်သူများထံ ငွေကြေးကောက်ခံနေကြောင်း ရမြို့ခံ တစ်ဦးက ပြောသည်။

BGF တပ်များနှင့် ရပ်ကွက်လူကြီးများသည် (၃)နှစ်ပြည့် စစ်သားများအတွက် ထောက်ပံ့ကြေးဟုပြောဆိုကာ ဒေသခံပြည် သူများနှင့် ရွှေ့ပြောင်း လာရောက် အလုပ်လုပ်ကိုင်နေသူများထံမှ နေအိမ်တစ်အိမ်လျှင် ဘတ်ငွေတစ်ထောင် ကောက်ခံကြောင်း အမည်မဖော်လိုသူ ရွှေကုက္ကိုလ်မြို့ခံတစ်ဦးက ယခုလို ပြောသည်။

၎င်းက “စစ်သားကြေးတွေ ၁ ရက်နေ့ကစပြီး ထပ်ကောက်ပြန်ပြီး။ ၆ ရက်နေ့နောက်ဆုံးပေးရမယ်။ တစ်ထောင်ပေးရ တယ်။ ၃ နှစ်ပြည့်စစ်သားတွေအတွက် ထောက်ပံ့ကြေးလို့တော့ပြောတာပဲ။ အလုပ်လည်း မရှိတော့ ကျမတို့ ဒီတစ်ခါ ပေးမို့ အဆင်မပြေဘူး။ အရင်ကလာကောက်တဲ့သူတွေပဲ။ စစ်သားလည်းပါတယ်။ အရပ်ဝတ်နဲ့သေနတ်တွေတော့ လွယ်ထားတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ငွေကြေး လိုက်လံကောက်ခံရာတွင် ငွေကြေးမထည့်ဝင်နိုင်သူများကို စစ်မှုထမ်းရမည်ဟုလည်း ခြိမ်းခြောက် ပြောဆို မှုများလုပ်ဆောင်နေကြောင်း မြို့ခံများက ပြောဆိုသော်လည်း အဆိုပါ ငွေကြေးကောက်ခံမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ BGF တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်း၍ မရရှိသေးပေ။

၎င်းအပြင် (၃)နှစ်ပြည့် စစ်သားများအတွက် ထောက်ပံ့ကြေးအပြင် တရုတ်ဆိုက်အတွင်း အလုပ်လုပ်ကိုင်သူများ၏ လုပ်ခ လစာများကိုလည်း ဖြတ်ယူမှုများလုပ်ဆောင်နေကြောင်း ရွှေကုက္ကိုလ်သို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင် သူတစ်ဦးက ပြောသည်။

Photo-KIC

၎င်းက “တရုတ်ဆိုက်မှာ အခုကအခြေခံအလုပ်သမားတွေကအစ လစာဖြတ်တယ်။ ကွန်ပျူတာသမားတွေက ၂ ထောင် ပေးရတယ်။ စိုက်ပျိုးရေးနဲ့ သန့်ရှင်းရေးသမားတွေဆီကလည်း ဖြတ်သေးတယ်။ ရထိုက်လုံခြုံရေးသမားဆိုရင် ဆက် ကြေးမကောက်ဘူး။ ရထိုက်မဟုတ်ဘူး၊ အပြင်လုံခြုံရေးဆို ဆက်ကြေးကောက်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ရွှေကုက္ကိုလ်မြို့အဝင်ကို ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့မှစ၍ BGFတပ်ဖွဲများဖြင့် တင်းကြပ်ကန့်သတ်ထားပြီး မြို့ပေါ်ရပ် ကွက်အတွင်းရှိ ဒေသခံများကိုသာ အပြင်ထွက် သွားလာခွင့်ပြုထားကြောင်း မြို့ခံများက ပြောဆိုချက်အရ သိရသည်။

ထိုင်း−မြန်မာနယ်စပ်တလျှောက်ရှိ အွန်လိုင်း ငွေလိမ်လုပ်ငန်းနှင့် ကာစီနိုလောင်းကစားရုံများ အများဆုံးရှိသည့် ရွှေ ကုက္ကိုလ်နှင့် အင်ကြင်းမြိုင်စသည့် နေရာများကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံဘက်ခြမ်းမှ လျှပ် စစ်ဓာတ်အားဖြတ်တောက် လိုက်ခြင်းကြောင့် ထိုနေရာတွင် အလုပ်အကိုင် နည်းပါးလာပြီး လုပ်ငန်းတချို့လည်း ရပ်တန့်ခဲ့ရသည်။

သို့သော် လတ်တလောတွင် ရွှေကုက္ကိုလ်မြို့ရှိရပ် ကျားဖြန့် ကုမ္ပဏီလုပ်ငန်းများ ပြန်လည်လည်ပတ်ရန် လူသစ်များ ထပ်မံခေါ်ယူမှုများ ပြုလုပ်နေသလို ရှမ်းပြည်နယ်ဘက်မှ လုပ်ငန်းရှင် တရုတ်နိုင်ငံသားအချို့ ပြန်လည် ဝင်ရောက် လာနေကြောင်း ၎င်းလုပ်ငန်းနှင့်နီးစပ်သူများက အတည်ပြု ပြောဆိုထားသည်။