မေလ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များသည် အသက်ပြည့်သည့်လူငယ်များအား စစ်မှုထမ်းရန်အတွက် ညအချိန်များတွင် လိုက်လံဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိကြောင်း မြို့နေဒေသခံများက ပြောသည်။
မော်လမြိုင်မြို့ပေါ်တွင် ပြီးခဲ့သည့်ဧပြီလ နောက်ဆုံးအပတ်မှ စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် လုံခြုံ ရေးအကြောင်းပြပြီး ညအချိန်တွင် ကင်းလှည့်ကာ လူငယ်များအား ရှောင်တခင်ဖမ်းဆီးခြင်းများ ပြုလုပ်နေ ကြောင်း မြို့ခံလူငယ်တစ်ဦးက ယခုလို ပြောသည်။
“ပြီးခဲ့တဲ့လကတည်းက စပြီးလုပ်လာတာပေါ့။ ညဘက်အချိန်တွေမှာ လုပ်တာများတယ်။ ကင်းလှည့်တဲ့ပုံစံမျိုးနဲ့ (၈)နာရီကျော်ပြီးဆိုတာနဲ့စပြီး ဖမ်းတော့တာ။ ရပ်ကွက်တွေထဲမှာ ဖမ်းတာထက် အပြင်မှာ ထွက်နေ တဲ့လူငယ် တွေကို ဖမ်းတာပိုများတယ်။ ပြီးခဲ့တဲ့လကပဲ သုံးယောက်လောက် ဖမ်းခံထိသွားတယ်။ ညဘက် အလုပ်ကပြန်လာတဲ့အချိန် ပိုက်ဆံနဲ့ပြန်ရွေးလည်း မရတော့ဘူး။”ဟု ကေအိုင်စီ သို့ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ယခင်က ပြည်သူ့စစ်မှုထမ် ဥပဒေအရ မြို့နေလူငယ်အများစုကို မိဘထံမှတစ်ဆင့် စစ်မှုထမ်းရန် ဆင့်ခေါ်စာဖြင့် ခေါ်ယူခြင်းများကို မလုပ်တော့ဘဲ ညအပြင်ထွက်သည့် လူငယ်များကို ပစ်မှတ်ထား၍ ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် ညအချိန်တွင်စစ်ကောင်စီမှ ဖမ်းဆီးလိုက်သည့် လူငယ်အများစုကို ဖမ်းဆီး လာသောကြောင့် ဒေသခံများအနေဖြင့် အခြားမြို့များသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း မြို့နေဒေသခံ နောက်တစ်ဦးက ပြောသည်။
၎င်းက “အကယ်၍ဖမ်းခံရတဲ့ သူတွေဆိုရင် ငွေလိုက်နိုင်ရင်သိန်းချီပြီး ငွေနဲ့လိုက်ပေါ့။ မဟုတ်ရင်တော့ စစ်မှုထမ်းရတယ်။ ညဘက်ခြမ်းဆို အရင်ကနဲ့မတူတော့ဘူး။ လူတော်တော်ပြတ်သွားတယ်။ အခုဆိုရင် အမျိုးသားတွေပြည်ပ ထွက်ခွင့်မရှိဘူးဆိုတဲ့ ဥပဒေကို အသက်သွင်းလာတော့၊ လူငယ်တော်တော်များများက ရွာတွေဘက်မှာ လိုက်ရှောင်နေရတယ်။ အခုတောင်ရွာမှာ ခဏလာနေနေရတာ။”ဟု ကေအိုင်စီ သို့ပြောသည်။
ယခုလို စစ်ကောင်စီမှ လူငယ်များ အတင်းအဓမ္မစစ်မှုဖမ်းခိုင်းခြင်းနှင့်ပတ်သက်၍ ဗမာ့ရေးရာနှင့် ပဋိပက္ခ လေ့လာရေး အဖွဲ့-BACS ၏ အစီရင်ခံစာများအရ စစ်မှုထမ်းအပတ်စဉ် (၁)တွင် မြန်မာနိုင်ငံအနှံ့အပြားမှ လူငယ်ပေါင်း (၄,၃၀၀) ကျော်စစ်သားစုဆောင်းခံရပြီးနောက် သင်တန်းကျောင်း ၁၅ ကျောင်းသို့ ပို့ဆောင်ထားခြင်းခံရကြောင်းဟု ဖော်ပြထားသည်။
ထို့အတူ မွန်ပြည်နယ်တွင် သံဖြူဇရပ် မြို့နယ်ရှိ ဝဲကလိကျေးရွာအခြေစိုက် တကက-၄ တပ်မတော်တန်းမြင့် သင်တန်းကျောင်းတွင် စစ်မှုထမ်းအဖြစ် စုဆောင်းခံရသူ သင်တန်းသားအယောက် ၂၀၀ ကျော် ရှိနေကြောင်းလည်း BACS ၏ထုတ်ပြန်ထားချက်အရ သိရသည်။



















