မေလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့်သတင်းလွတ်လပ်ခွင့်ကို ပံ့ပိုးပေးရန် ရည်ရွယ်ဖွဲ့စည်းထားသည့် WAN-IFRA WIN ၏ ၂၀၂၄ ခုနှစ်အတွက် ချီးမြှင့်သည့် Women in News Editorial Leadership Award ရရှိသူ(၃)ဦးတွင် အရှေ့တောင်အာရှကိုယ်စားအဖြစ် ကရင်သတင်းဌာန-KIC၏ ဒါရိုက်တာနှင့် အယ်ဒီတာချုပ်ဖြစ်သူ နန်းဖော့ဂေအား ရွေးချယ်ချီးမြင့်ကြောင်း WAN-IFRA WIN ၏ ယနေ့ ထုတ်ပြန်လိုက်သည်။
အမျိုးသမီးရေးရာ ကမ္ဘာလုံးဆိုင်ရာသတင်း ဦးဆောင်ကော်မတီမှ သတင်းမီဒီယာနယ်ပယ်တွင် ကျား၊မ တန်း တူညီမျှမှု၊ မျိုးဆက်သစ်မီဒီယာသမားများကို ပံ့ပိုးကူညီမှုနှင့် အလုပ်ထူးချွန်မှုတို့အပေါ် အခြေခံ၍ စိစစ်ရွေး ချယ် သည့် အဆိုပါဆုရရှိသူများသည် မီဒီယာလောက၏ စံနမူနာအနေဖြင့်သာမက သက်ဆိုင်ရာ နိုင်ငံများအတွက် အပြုသဘောဆောင်သော အပြောင်းအလဲများကို လှုံ့ဆော်ပေးနိုင်ရန် ရည်ရွယ်၍ ပေးအပ်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။
“ရည်ရွယ်ချက်ကတော့ မီဒီယာလောကကို စီမံခန့်ခွဲကြီးကြပ် ရတဲ့ ရာထူးနေရာတွေမှာ အမျိုးသမီးတွေ ပိုမို များပြားလာဖို့၊ ခေါင်းဆောင်မှု အပိုင်းတွေမှာ အမျိုးသမီးတွေ ပါဝင်လာမှုကို အသိအမှတ်ပြုတာတွေ ပိုမိုပြု လုပ်လာနိုင်ဖို့၊ ဒီလိုနေရာတွေမှာ အမျိုးသမီးတွေ ပါဝင်လုပ်ဆောင်မှုရဲ့ အကျိုးသက်ရောက်မှုကို မီးမောင်းထိုးပြ နိုင်ဖို့ ဖြစ်ပါတယ်။” ဟု WAN-IFRA WIN ၏ အရှေ့တောင်အာရှ ဒါရိုက်တာ ဒေါ်ခင်သန္တာဌေးက ဆုပေးအပ်ရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ ပြောသည်။
အဆိုပါဆုအား အာဖရိက၊ အာရပ်နှင့် အရှေ့တောင်အာရှ ဟူ၍ ဒေသ(၃)ခုအလိုက် ဆုရွေးချယ်မှုစံနှုန်းပေါ် အခြေခံ၍ပေးအပ်ခဲ့ရာတွင် ကေအိုင်စီ-ကရင်သတင်းဌာန၏အယ်ဒီတာချုပ် နန်းဖော့ဂေသည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကြောင့် ပြည်ပအခြေစိုက်နေထိုင်ရသော မီဒီယာတစ်ခုဖြစ်သော်လည်း သတင်းထောက်များ အတွက် သတင်းခန်းလုံခြုံမှုနှင့် သတင်းလွတ်လပ်ခွင့်ထိန်းသိမ်းရန် ကြိုးပမ်းခြင်း၊ မြန်မာနိုင်ငံရှိတိုင်းရင်းသား မီဒီယာများ၏မီဒီယာဆိုင်ရာ စံနှုန်းမြှင့်တင်ရေးတွင် အထောက်အကူပေးခဲ့ကြောင်း WAN-IFRA WIN က ဖော်ပြသည်။
ဆုရရှိသူ နန်းဖော့ဂေက “WIN Editorial Leadership Award ရဲ့ ဆုရှင်တစ်ဦးဖြစ်ရတာကို ဝမ်းသာပြီး ခွန်အား လည်းရပါတယ်။ ဒီဆုကြောင့် ဒီမိုကရေစီကိုဖော်ဆောင်ရာမှာ လွတ်လပ်တဲ့သတင်းမီဒီယာရဲ့အရေးပါမှုကို ထပ်ဆောင်းအသိမှတ်ပြုရာရောက်ပါတယ်။ ဒီအတွက် ကျေးဇူးလည်းတင်ပြီး စာနယ်ဇင်းလောကရဲ့အမြင့်ဆုံး ကျင့်ဝတ်စံနှုန်းတွေကို ဆက်လက်ထိန်းသိမ်းသွားဖို့ သံန္နိဌာန်ချထားပါတယ်” ဟု ထုတ်ပြန်ချက်မှတဆင့် ဆိုထားသည်။
စာနယ်ဇင်းခေါင်းဆောင်မှုဆု (Laureates of the Women in News Editorial Leadership) ကို WAN-IFRA အနေဖြင့် ပေးအပ်ချီးမြှင့်ခဲ့သည်မှာ ယခု ၂၀၂၄ ခုနှစ်အပါအဝင် (၁၀)နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်သလို အာဖရိကမှ The Guardian Limited ၏ အမှုဆောင်အယ်ဒီတာ Beatrice Bandawe နှင့် အာရပ်မှ AJ+ ၏ အမှုဆောင်ဒါရိုက်တာ Dima Khatib တို့သည်လည်း နန်းဖော့ဂေနှင့် အတူ ဆုရရှိခဲ့သည်။
“Editorial Leadership Award တွက်ကို အဆိုပြုရာမှာ မီဒီယာ လုပ်ငန်းတွေကို ရှေ့ဆောင်လမ်းပြကောင်းတွေ အနေနဲ့ ဦးဆောင်နေတဲ့ အမျိုးသမီးတွေ၊ သတင်းခန်းအတွက် အယ်ဒီတာတစ်ဦး အနေနဲ့ စံပြလမ်းညွှန်နိုင်မှုနဲ့ သတင်းတိုက်ရဲ့ လူ့အဖွဲ့အစည်းအပေါ် အကျိုးပြုမှုဆိုတဲ့အချက်တွေအပေါ် မူတည်ပြီး အဆိုပြုရပါတယ်။ အနောမှာ ဒီအချက်တွေအကုန်ပြည့်စုံနေတယ်လို့ ယုံကြည်ပါတယ်။” ဟု နန်းဖော့ဂေအား ဆုရရှိရန် အဆိုပြုတင်သွင်းခဲ့သူ ဒေါ်ခင်သန္တာဌေးက ပြောသည်။
နန်းဖော့ဂေသည် ကရင်သတင်းဌာန-ကေအိုင်စီတွင် ၂၀၀၀ခုနှစ်မှစတင်ကာ လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ဒါရိုက်တာနှင့် အယ်ဒီတာချုပ် တာဝန်ကို (၂၀၀၈)ခုနှစ်မှ လက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်လျက်ရှိသည်။
အလားတူ နိုင်ငံတကာမြန်မာ့သတင်း-BNI ၌ ၂၀၁၂ ခုနှစ်မှစ၍ Development officer, Executive director နှင့် မူဝါဒရေးရာကော်မတီ ဥက္ကဋ္ဌတာဝန်များကို ၂၀၂၄အထိ လုပ်ဆောင်ခဲ့သည်။
ထို့အပြင် ၂၀၂၃ ဒီဇင်ဘာလတွင် ဖွဲ့စည်းခဲ့သည့် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ-IPCM ၏ ဥက္ကဌအဖြစ်လည်း ရွေးကောက်ခံရကာ လွတ်လပ်သည့်မြန်မာသတင်းမီဒီယာများအတွက် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
Women in News Editorial Leadership ဆုရရှိသူများအား ယခုလာမည့် မေလ (၂၇)ရက်မှ (၂၉)ရက်နေ့အထိ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့တွင် ကျင်းပပြုလုပ်မည့် WAN-IFRA ၏ ကမ္ဘာ့သတင်းမီဒီယာကွန်ဂရက်တွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။



















