မေလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်းရှိ ဘောကထစစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်များသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO တို့ ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့် မေလ(၇)ရက်နေ့မှစ၍ စခန်းမှစွန့်ခွာသွားကြကြောင်း နယ်မြေခံတာဝန်ရှိသူထံမှ သိရသည်။
ကျောက်ကြီးမြို့နယ်၊ ပဒဲကောရွာအတွင်း အနှစ်(၃၀)နီးပါး တပ်စွဲထားသော ဘောကထ စစ်ကောင်စီ တပ်စခန်းအား ပြီးခဲ့သည့် ဧပြီလပိုင်းမှစ၍ KNLA ပူးပေါင်းတပ်များက ဒရုန်းဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုများ တုံ့ပြန်လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ကေအိုင်စီသို့ ပြောဆိုထားသည်။
တပ်ဖွဲ့ဝင် (၃၁)ဦးရှိသော အဆိုပါစခန်းရှိ စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် မေလ(၇)ရက်နေ့တွင် လက်နက်ခဲယမ်းများသယ်ဆောင်၍ စခန်းမှစွန့်ခွာသွားပြီးနောက် KNLA ဘက်က မေလ(၈)ရက်နေ့တွင် ထိုစခန်းအတွင်းဝင်ရောက်၍ ရှင်းလင်းရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း KNU တပ်မဟာ(၃)၏ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ အတည်ပြု ပြောသည်။
“အဲဒီစခန်းကရှိတာ အနှစ်၃၀ နီးပါးလောက်ကြာပြီ။ စခန်းမှာ ၃၁ ယောက်ရှိတယ် ။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ အဲဒီစခန်းမှာ ခမရ ၂၆၄ တပ်ရင်းက လာထိုင်သွားတာမျိုးရှိတယ် ။ အခုတစ်ခေါက်ကတော့ နောက်ထပ်တပ်ရင်းတစ်ခုပေါ့။ ဧပြီလ လပိုင်းကတည်းက လှုပ်ရှားတာ မေလ (၇)ရက်နေ့ကျတော့မှ စစ်ကောင်စီဘက်က အကုန်ဆုတ်သွားတယ် (၈)ရက်နေ့ကျတော့ သူတို့စခန်းထဲကိုဝင်ပြီးတော့ စခန်းရှင်းလင်းရေးသွားလုပ်တာ လူနဲ့လက်နက်ကတော့မရလိုက်ဘူး။” ဟု အဆိုပါတာဝန်ရှိသူက ဆိုသည်။

KNLA တပ်ဖွဲ့များ အဆိုပါစခန်းကို စတင်တိုက်ခိုက်သည့်အချိန်မှစ၍ တပ်စခန်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဆုတ်ခွာထွက်ပြေးပြီးသည့် လက်ရှိအချိန်ထိ လေကြောင်းနှင့်လက်နက်ကြီးသုံးကာ စစ်ကောင်စီဘက်က စစ်ကူပေးသဖြင့် ဒေသခံအချိုု့ထိခိုက်ဒဏ်ရာရမှုရှိသလို ခေတ္တနေရပ်ပြန်သည့်ဒေ သခံများလည်း ထပ်မံရှောင်တိမ်းနေရကြောင်း ဒေသခံများက ပြောသည်။
ဒေသခံအမျိုးသားတစ်ဦးက “ရွာခံတွေကတော့အကုန်ပြေးတာပဲ။ ဟိုးအရင်တိုက်ပွဲသွားဖော်ကတည်းက အဲဒီရွာတွေက တောထဲမှာပဲနေကြတာ၊ ရွာထဲပြန်ဝင်တယ်ဆိုတာ အခြေအနေအကဲခတ်ကြည့်တာပဲရှိတယ်။ ပြန်နေတာမဟုတ်ဘူး။ စခန်းသိမ်းတဲ့ ရက်ကသူတို့လေယာဥ်နဲ့လာပစ်တာ ပြည်သူတွေဒဏ်ရာရတာရှိတယ်။ စခန်းသိမ်းတိုင်းပြည်သူကိုပစ်တာပဲ” ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိတွင်လည်း တပ်မဟာ(၃)နယ်မြေရှိ စစ်ကောင်စီတပ်စခန်းများက တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့်ရက်များတွင်ပါ ဒေသခံပြည်သူများနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေသဖြင့် မကြာခဏ ထိခိုက်သေဆုံးမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး စစ်ဘေးရှောင်ဦးရေသည်လည်း ၂ သိန်းကျော် ရှိနေပြီဖြစ်သည်။
စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက် နယ်မြေစိုးမိုးရေးအပြည့်အဝရရှိရန် လုပ်ဆောင်နေသော KNLA အနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ တပ်မဟာ(၃)နယ်မြေအတွင်း စခန်းသိမ်း တိုက်ပွဲများ ဆင်နွှဲလာသည်တွင် လက်ရှိအချိန်ထိ စစ်ကောင်စီစခန်းစုစုပေါင်း (၁၇) ခုကို သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က စွန့်ခွာထားခဲ့သော စခန်းပေါင်း (၁၀) ခု ရှိလာပြီဖြစ်သည်ဟုလည်း KNU တပ်မဟာ(၃) တာဝန်ရှိသူက ဆိုသည်။

















