မေလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်မြို့တွင် တရုတ်နိုင်ငံသားအများစု လုပ်ကိုင်နေကြသည့် ကျားဖြန့်လူလိမ် လုပ်ငန်း လုပ်ကိုင်နေသူများ ထွက်ခွာပေးကြရန် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင်များက မြို့တွင်း လိုက် လံနှိုးဆော်မှုများပြုလုပ်နေကြောင်း ရွှေကုက္ကိုလ်မြို့ခံများက ပြောသည်။
ရွှေကုက္ကိုလ်မြို့၏ ဖားစည်အဝိုင်းနေရာ နှင့် အခြာနေရာအချို့တွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မေလ ၁၆ ရက်နေ့နောက်ဆုံး ထွက်ခွာပေးကြရမည်စာသားများပါရှိသော ဆိုင်းဘုတ်များကို BGF တပ်ဖွဲ့ဝင်များ က လိုက်ထောင်နေသလို အသိပေးနှိုးဆောင်မှုများလည်း လုပ်ဆောင်လျက်ရှိသည်ဟု မြို့ခံတစ်ဦးက ပြောသည်။
၎င်းက “အခု အွန်လိုင်းသမားတွေ ထွက်ပေးရမယ်လို့ စာကပ်ထားတာတွေ့တယ်။ ဖားစည် အဝိုင်းမှာ ဆိုင်းဘုတ် ထောင်ထားတာ အကြီးကြီးပဲ။ စောချစ်သူကပ်ခိုင်းတာလို့ ပြောတယ်။ လစာမထုတ်ရသေးဘူးဆိုတော့ ပြန်ကြတဲ့သူတွေတော့မရှိသေးဘူး။ လိုက်ကပ်တာတော့တွေ့တယ်၊ ထွက်တာတော့မတွေ့သေးဘူး။ ” ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူ ပြီးခဲ့သည့် မေလ(၃)ရက်နေ့ကလည်း ရွှေကုက္ကိုလ်အပါအဝင် မြဝတီမြို့နယ်ဒေသတဝိုက်ရှိ အွန်လိုင်း (Online) ကျားဖြန့် လုပ်ငန်းလုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများအနေဖြင့် ယခုမေလမှစတင်ကာ အောက် တိုဘာလကုန်အထိ နောက်ဆုံးထားပြီး မိမိလာရာလမ်းအတိုင်း ထွက်ခွာပေးကြရန် BGF က သတိပေး စာထုတ်ပြန်ခဲ့သေးသည်။
ရွှေကုက္ကိုလ်မြို့အပါအဝင် နယ်စပ်ဒေသတစ်လျှောက်ရှိ ကျားဖြန့်လုပ်ငန်းများအနေဖြင့် ဒေသအတွင်းမှ ထွက်ခွာ ပေးပါရန် သတိပေးစာထုတ်ပြန်ချက်ထုတ်ပြန်ပြီးနောက်ပိုင်း အခြေအနေနှင့်ပတ်သက်၍ BGF တပ်နယ် ၂ ဗျူဟာမှူး ဗိုလ်မှူး စောတင်ဝင်းအား ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းရာတွင် ၎င်းက ယခုလို ပြောသည်။
“ထွက်တာကတော့နေ့တိုင်းထွက်တယ်။ တစ်ချို့ကျတော့ ဝင်လာကတည်းက တရားမဝင်လမ်းကြောင်းနဲ့ ဝင်တာ ဆိုတော့ သူတို့ကိုပြန်ပို့ဖို့အတွက် စီစဉ်ပေးရမယ်။ ထွက်တာကတော့ တစ်ရက်ကို ၂၀ လောက်ထွက် နေတယ်။ တရုတ်နဲ့ BGF အပေါ်မှာ ဝေဖန်သံတွေ ရှုပ်နေတာတွေကို ရှင်းလင်းခြင်းလို့ ဒီလို ထုတ်ပြန်ရ ခြင်းဖြစ်တယ်”ဟု ဗိုလ်မှူး စောတင်ဝင်းက ပြောသည်။
ယခုလို အွန်လိုင်းကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူများကို ထွက်ခွာရန် စာထုတ်ပြန်ထားနေသော်လည်း ၎င်းလုပ် ငန်းကို အဓိကအကျိုးအမြတ်ရယူပြီး အကာအကွယ်ပေးနေသူများမှာ ၎င်းတို့ BGF များသာဖြစ်ပြီး တရုတ် နိုင်ငံ သားအပြင် ပြည်ပရှိနိုင်ငံသားများကိုလည်း အကာအကွယ်ပေးထားကြောင်း မြို့ခံများက ထောက်ပြ ပြောဆိုကြသည်။
အမည်မဖော်လိုသူ အွန်လိုင်းကျားဖြန့်လုပ်ငန်းမှ အလုပ်သမားတစ်ဦးက“အခြေအနေတော့ မကောင်းတော့ဘူး။ နေရာအသစ်တော့ရှာနေတယ်။ တချို့ကုမ္ပဏီမှာတော့ သူဌေးကအာမခံ တယ်ဆိုပြီး ဆက်လုပ်နေတယ်။ ဘာဆက်ဖြစ်လာမလဲတော့မသိသေးဘူး။ လစာမထုတ်ရသေးတော့ လကုန်ထိစောင့်ကြည့်ရမယ်။ သူငယ်ချင်း တွေတော့ ပြန်သွားကြတာရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် ကာစီနိုလောင်း ကစားရုံများအများဆုံးလုပ်ကိုင်သည့် ထိုင်း−မြန်မာ နယ်စပ်ဒေသများကို ထိုင်းနိုင်ငံဘက်မှ အင်တာနက်လိုင်းများ ဖြတ်တောက်လိုက်ပြီး ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနများနှင့် ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောဆိုသည်။



















