မေလ ၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်ထွက် ရာသီပေါ် အခွံမချွတ်ရသေးသည့် တညင်းသီးများ ယခုနှစ်ဈေးကောင်းရရှိကြောင်း မွန်ပြည်နယ်အတွင်းရှိ တညင်းသီးစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။
တညင်းသီး စ ပေါ်သည့်ကာလဖြစ်သော်လည်း ယခုနှစ် မွန်ပြည်နယ်တွင် အခွံမချွတ်ရသေးသော တညင်းသီးများ တစ်တင်းလျှင် တစ်သိန်းကျော်အထိ ဈေးကောင်းရနေသည့်အတွက် ကိုယ်တိုင်စိုက်ပျိုးရောင်းချသူနှင့် တဆင့်ခံရောင်းချသူ ကုန်သည်များ အမြတ်များစွာရရှိနေကြောင်း ဘီးလင်းမြို့နယ်နေ စိုက်ပျိုးရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။
“တညင်းသီးက အခွံနဲ့ကို တစ်ခါမှ ၁ သိန်းကျော်တယ်လို့မကြားဖူးဘူး။ အခုဈေးတက်တာ အခွံနဲ့ကိုတစ်တင်း တစ်သိန်းကျော်ရတယ်။ သူ့ခြံနဲ့သူလုပ်တဲ့သူတွေနဲ့ ကုန်သည်တွေ ပက်ပက်စက်စက်မြတ်တယ်။ ရွာထဲမှာကုန်သည်တစ်ယောက် ခြံကြီးတွေပဲလိုက်ဖြုတ်တာ လက်ဦးသီးကိုပဲလိုက်ရွေးခူးတယ်။ ကြီးတဲ့အလုံးတွေပဲ။ ခြံသမားတချို့က မလုပ်နိုင်တော့ ကုန်သည်နဲ့ချိတ်ထားတာရှိတယ်။ တချို့ကျတော့လည်း ဟိုးအပွင့်ပွင့်ကတည်းက ကံစမ်းမဲပဲ ကြိုက်ဈေးရရင်ချလိုက်တာ။ ဒီနှစ်ကတော့ သူတို့ကံကောင်းသွားတာပဲ” ဟု ၎င်းက ဆိုသည်။
အလုံးရေ ၁,၃၀၀ မှ ၁,၅၀၀ ကြား ရှိသော အခွံပါပြီးသား တညင်းသီးတစ်တင်းလျှင် ယခင်နှစ်များက မြန်မာ ကျပ်ငွေ သောင်းဂဏန်းသာ ပေါက်ဈေးရှိသော်လည်း ဘီးလင်းမြို့နယ်တွင် တစ်တင်း (၁၂၀,၀၀၀) မုဒုံမြို့နယ်တွင် (၁၅၀,၀၀၀)ဖြင့် အလုံးနှင့်အရွယ်အစားအပေါ်လိုက်၍ ဈေးကောင်းရရှိသည်ဟု ထိုဒေသနေ တညင်းသီးစိုက်ပျိုး ရောင်းချသူများက ပြောသည်။

ထို့အတူ ပြီးခဲ့သည့်နှစ် တညင်းသီးရာသီက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်၊ ထားဝယ် ထွက်ရှိသည့် အခွံချွတ်ပြီးသား တညင်းသီးများ အကြီးအသေးပေါ်မူတည်၍ တစ်တင်းလျှင် (၉၀,၀၀၀)ကျော်သာ ရှိခဲ့ရာမှ ယခုနှစ် ပေါ်ကာလစပင်လျှင် တစ်တင်း ၁ သိန်းကျော်အထိ ဈေးကောင်းရရှိနေကြောင်း တညင်းသီးဈေးကွက်ကို လေ့လာစုံစမ်းချက်အရ သိရသည်။
မွန်ပြည်နယ်ရှိ ဒေသခံအများစုသည် တညင်းသီး၊ ဒူးရင်းသီး အစရှိသည့် ဥယျာဥ်ခြံထွက် ရာသီပေါ်သီးနှံများအပြင် ရော်ဘာ၊ ဆန်စပါးအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ဆားနှင့် အခြားစိုက်ပျိုးရေးတို့ကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်၍ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြသလို တစ်နိုင်တစ်ပိုင်အနေဖြင့် စိုက်ပျိုးရောင်းချကြသည်။
ထို့အပြင် ယခုနှစ် ရာသီဥတု အပူချိန် သိသိသာသာပိုလာသည့်အတွက် အသက်မွေးဝမ်းကျောင်းနှင့်အိမ်စားသုံးရန် စိုက်ပျိုးကြသည့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ဒူးရင်းခြံအများစုမှာ ယခင်နှစ်များနှင့်ယှဥ်လျှင် အသီးသီးနှုန်းကျဆင်းပြီး ရောင်းအားမရှိသေးသောကြောင့် မိုးရွာမည့်ရက်ကိုသာမျှော်နေရကြောင်း ဒူးရင်းခြံပိုင်ရှင်များက ဆိုသည်။



















