Home သတင်း ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် လင်မယား ၂ ဦးသေဆုံးပြီး ၄ နှစ်အရွယ်ကလေးငယ်အပါအဝင် ၄ ဦးဒဏ်ရာရ

ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် လင်မယား ၂ ဦးသေဆုံးပြီး ၄ နှစ်အရွယ်ကလေးငယ်အပါအဝင် ၄ ဦးဒဏ်ရာရ

856
Photo: CJ

မေလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ကျုံအိတ်တံတား ဖောက်ခွဲခံရပြီးနောက် ဇီးဝန်းရွာအနောက်ဘက် ကဇိုင်း အခြေစိုက် စစ်ကောင်စီ အမှတ် ၃၁၄ အမြောက်တပ်ရင်းက ကျေးရွာအတွင်း ပစ်ခတ်မှုကြောင့် အဝန်းကြီး ရွာနေ ဒေသခံ ၂ ဦးသေဆုံးပြီး ၄ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့ မေလ ၁၁ရက်၊ ၂ နာရီခွဲအချိန်တွင် ကျုံအိတ်ဘေလီတံတား မိုင်းခွဲခံရပြီးနောက် နံနက် ၆ နာရီ မိနစ် ၄၀ အချိန်တွင် အဆိုပါ အမှတ် ၃၁၄ အမြောက်တပ်ရင်းက ကျေးရွာကို ပစ်မှတ်ထားပြီး လက်နက်ကြီး ၇ လုံး ပစ်ခတ်ခဲ့သည်ဟု နယ်မြေခံ တာဝန်ရှိသူများက ပြောသည်။

အဆိုပါ ပစ်ခတ်လိုက်သော လက်နက်ကြီး ၇ လုံးမှာ အဝန်းကြီးကျေးရွာအတွင်း ၅ လုံးနှင့် ရွာဘေးတွင် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ကာ အဝန်းကြီးရွာနေ စောဇော်မင်းထွန်း ၄၁ နှင့် နော်မြတ်သိန်း ၄၁ တို့ လင်းမယားနှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

Photo: CJ

ထို့အပြင် နော်မူချစ်ချစ် ၄ နှစ်၊ နော်ဖြူဖြူသက် ၁၀ ၊ နော်စိန်စိန် ၅၂ နှစ်နှင့် စောမောင်ကြီး ၆၅ တို့ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့သလို လူနေအိမ် ၂ လုံး လက်နက်ကြီးထိမှန်ပျက်စီးပြီး နေအိမ်အများအပြား လက်နက်ကြီးကျည်စ ထိမှန်ထိခိုက်ခဲ့သည်ဟု သိရသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ သတ်မှတ်နယ်မြေအရ အဝန်းကြီးကျေးရွာသည် ဒူးသထူခရိုင်၊ သထုံမြို့နယ်တွင် တည်ရှိသည်။