မေလ ၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ၊ ရွာသစ်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဒရုန်းဗုံးသီးရမ်းသမ်းကြဲချမှုကြောင့် ယမန်နေ့ မေလ ၃ ရက်နေ့တွင် ဒေသခံပိုင် ဆိတ်ခြံတစ်ခုအတွင်းသို့ ကျရောက်ပေါက်ကွဲ၍ ဆိတ်(၁၀)ကောင်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက“ဆိတ်တွေက ခြံထဲမှာပြန်အိပ်တဲ့အချိန်ပေါ့။ အဲ့ဒီမှာ ဒရုန်းဗုံးသီးနဲ့ ကြဲချတာ (၁၀)ကောင်လုံး သေ သွားတယ်။ အဲ့ဒီ စစ်တပ်က ရွာထဲမှာစပြီးတပ်စွဲကတည်းက နေ့တိုင်းလိုလို ဗုံးကြဲတာတွေလုပ်တယ်။ ဒီနေ့မနက်ထိ တောနော်၊ ရေပူဘက်တွေကို လက်နက်ကြီးတွေနဲ့ လေယာဉ်နဲ့ တစ်ခေါက်လာပစ်သေးတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ရွာသစ်ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်မှာ ရှမ်းပြည်တောင်ပိုင်း ကလောအခြေစိုက် တပ်မ(၅၅) တပ်ဖွဲ့ဝင်များဖြစ်ကြပြီး ကျေးရွာအတွင်းဝင်ရောက်တပ်စွဲသည့် ဧပြီလ ၁၃ ရက်နေ့စတင်ပြီး မြေမြှုပ် မိုင်းများထောင်ခြင်းများကို ပြုလုပ်လျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောသည်။

“စစ်ကြောင်းတပ်စွဲကတည်းက မြေမြှုပ်မိုင်းတွေ ဆက်တိုက်ထောင်တာ။ ကျနော်တို့ ရဲဘော်တစ်ယောက် ခြေထောက်ပြတ်သွားတယ်။ နေအိမ်တွေလည်း မီးရှို့တာတွေ လုပ်နေတယ်။ သူတို့က နေအိမ်တွေကို မီးရှို့ တဲ့အကြောင်းအရင်းက သူတို့တပ်စွဲထားတဲ့ နေရာကနေကြည့်ပြီး နေရာတစ်ခုခုနဲ့ ကွယ်နေတဲ့အိမ်တို့ ဆိုရင် ရှို့လိုက်တယ်။ ”ဟု ကေအိုင်စီ သို့ပြောသည်။
ကော့ကရိတ်မြို့အနီးရှိ ရွာသစ်ကျေးရွာတွင် အိမ်ခြေစုစုပေါင်း(၆၀)သာရှိပြီး ပြီးခဲ့သည့် မေလ(၁)ရက်နေ့ တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ နေအိမ်များကို ဝင်ရောက်မီးရှို့ရာတွင် စစ်ဘေးတိမ်းရှောင်နေရသည့် ပြည်သူနေအိမ် စုစုပေါင်း(၇)လုံး မီးလောင်ပျက်စီးခဲ့သေးကြောင်းသိရသည်။
လက်ရှိတွင် စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားသည့် ကော့ကရိတ်မြို့သို့ ပြန်လည်နေထိုင်ရန် ဒေသခံများအား ဖိတ်ခေါ်ထားသော်လည်း အများစုမှာ လုံခြုံရေးအခြေအနေကြောင့် ပြန်မနေရဲကြသေးကြောင်း ကော့ကရိတ်မြို့ခံများထံမှ သိရသည်။



















