မေလ ၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) ကစယ် ဒိုမြို့နယ်(သရက်ချောင်း) ရှိ ပဲဒက်စစ်ကောင်စီတပ်စခန်းကို ယနေ့ မေလ (၈)ရက်၊ နံနက်ပိုင်းတွင် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် -KNLA နှင့် PDF တော်လှန်ရေးပူးပေါင်းတပ်တို့ တက်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက်(၂၀)ကျော် အရှင်ဖမ်းမိထားကြောင်း KNLA တာဝန်ရှိသူက ပြောသည်။
ပဲဒက်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို မေလ (၅)ရက်နေ့ကတည်းက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စတင်တက် ရောက်တိုက်ခိုက်ခဲ့ရာ ၄ ရက်မြောက်နေ့ ယနေ့နံနက်ပိုင်းတွင် အပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNLA တပ်ရင်း ၂၇ နှင့် တပ်ရင်း ၁၂ ပူးတွဲတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောမူးဂေက ကေအိုင်စီသို့ ပြောသည်။
“ အဲဒီစစ်ကောင်စီတပ်စခန်းက ပဲဒက်တပ်စခန်းလို့ ခေါ်တယ်။ အဲဒီမှာက စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦးသေ ဆုံးတာ တွေ့ရတယ်။ အရှင်ဖမ်းမိတာက ၂၂ယောက်၊ ပြီးတော့ ထွက်ပြေးလွတ်သွားတာက ၄ ယောက်ရှိ သေးတယ်။ ”ဟု ဒုတိယဗိုလ်မှူးကြီး စောမူးဂေက ပြောသည်။

ရရှိထားသည့်စာရင်းအရ အဆိုပါ စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၈ ဦးသာရှိကာ အရှင်ဖမ်းမိသည့် အထဲတွင် ပါဝင်သည့် ခေါင်းဆောင်အဆင့်နှင့် သိမ်းဆည်းရမိသည့် လက်နက်ပစ္စည်းများကို အတည်ပြုနေဆဲဖြစ်ကြောင်း ဒုဗိုလ်မှူးကြီး စောမူးဂေက ဆက်ပြောသည်။
စခန်းစတင်တက်ရောက်တိုက်ခိုက်သည့်အချိန်တွင် စစ်ကောင်စီတပ်ဘက်မှ လေယာဉ်နှင့်ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်သည့်အပြင် ရေတပ်စစ်သင်္ဘောကလည်း လက်နက်ကြီးများဖြင့် စစ်ကူပစ်ခတ်ခဲ့ကြားမှ စခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခြင်းဖြစ်သည်ဟု KNLA က ပြောသည်။



















