မေလ ၂ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကော်သူးလေအာမီ-KTLA၏ အထူးကွန်မန်ဒိုတပ်ရင်းမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ဗိုလ်စလုံးကို အစည်းအဝေးဆုံးဖြတ်ချက်အရ အဖွဲ့အစည်းမှ တစ်နှစ်တာဝန်ရပ်နားလိုက်ကြောင်း အဖွဲ့၏ ဗဟိုဌာနချုပ်ရုံးက ဧပြီလ ၂၅ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အထူးကွန်မန်ဒို တပ်ရင်းမှူး ဗိုလ်စလုံးသည် ပြည်သူလူထု၏ သဘောထားအမြင်ကို ဆန့်ကျင်ခြင်း၊ အဖွဲ့ အစည်းနှင့် ခေါင်းဆောင်၏ ဂုဏ်သိက္ခာ ထိခိုက်ပျက်ပြားအောင်လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ ကော်သူးလေအာမီ ကော်မတီ၏ ဆုံးဖြတ်ချက်အရ ၂၀၂၄ ခုနှစ်၊ ဧပြီလမှစတင်၍ ၂၀၂၅ခုနှစ်၊ ဧပြီလအထိ တစ်နှစ်ကြာတာဝန်မှ ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း KTLA ဗဟိုဌာနချုပ်ရုံး ထုတ်ပြန်ထားချက်အရ သိရသည်။
ဗိုလ်စလုံးအနေဖြင့် အဆိုပါက ထုတ်ပြန်ချက်နှင့်ပတ်သက်၍ တရားဝင်မသိရှိရသေးကြောင်း၊ ၎င်းအား နယ်မြေ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခိုင်းမည်ကိုသာ သိရှိထားသေးကြောင်း ကေအိုင်စီသို့ ပြော သည်။
၎င်းက “ သူတို့ထုတ်တဲ့စာကိုတွေ့တော့ ရှင်းရှင်းလင်းလင်းလုပ်ဆောင်စေချင်တယ်။ ရှင်းရှင်း လင်းလင်းလုပ်ဆောင်မှ ဘယ်လိုဆုံးဖြတ်ရမလဲ၊ ဘယ်လိုလုပ်ဆောင်ရမလဲ ကိုယ်လည်း ဆုံးဖြတ်လို့ ရမယ်။ ကျနော့်ကို တာဝန်မှ ရပ်နားခိုင်းမယ်ပြောတော့ ပြည်သူတွေကလည်း စိတ်ထဲကောင်းမှာ မဟုတ်ဘူး။ ပြည်သူတွေကို ကျနော်ဘယ်တော့မှမဆန့်ကျင်ဘူး။ အဲဒါကြောင့် ပြတ်ပြတ်သားသား လုပ်ဆောင်စေချင်တယ်။ သူတို့ ထုတ်တဲ့စာက ကျနော့်ဆီကို မပို့လာသေးဘူး။ ” ဟု ပြောသည်။
ထို့အပြင် တာဝန်မရပ်နားခင်အချိန်တွင် KTLA ဘက်မှ တပ်မဟာ(၆)နယ်မြေတွင် နယ်မြေပဋိပက္ခ တိုက်ပွဲများသည့်အတွက် ၎င်းအား တပ်မဟာ(၄) ဘိတ်ထားဝယ်ခရိုင် နယ်မြေသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခိုင်းမည်ကိုသာ ပြီးခဲ့သည့်ရက်ပိုင်းကပြောဆိုထားခြင်းရှိခဲ့ကြောင်း ဗိုလ်စလုံးက ဖြည့်စွက်ပြောဆိုသည်။
ယခုလို တာဝန်မှ ရပ်နားထားခိုင်းသည့်အတွက် တာဝန်မယူတော့ဘဲ ရပ်နား၍ရသော်လည်း နောက် ဆက်တွဲဖြစ်လာမည့် ခွဲထွက်မှုများရှိလာပါက ၎င်းကိုအပြစ်တင်ပြောဆို၍ မရကြောင်းလည်း ဗိုလ်စလုံးက ဖြည့်စွက်ပြောဆိုသည်။
ပြီးခဲ့သည့် ဧပြီလ (၈)ရက်နေ့က စစ်ကောင်စီကို ကူညီပေးသည်ဟု စွပ်စွဲချက်ဖြင့် ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် -DKBA တပ်ဖွဲ့ဝင်တစ်ဦးအား ဖမ်းဆီးသတ်ဖြတ်ခံရသည့်ဖြစ်စဉ်တွင် ပါဝင် ပတ်သက်သည့် KTLA တပ်ဖွဲ့ဝင်များကို အရေးယူပေးရန် DKBAအဖွဲ့ တာဝန်ရှိသူ ဘက်က KTLA ဗဟိုထံ တင်ပြတောင်းဆိုမှုလုပ်ဆောင်ခဲ့ပြီးနောက် ဗိုလ်စလုံးကို တာဝန်မှ ရပ်နားထားလိုက်ကြောင်း ထုတ်ပြန်စာထွက်ပေါ်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းကလည်း ဗိုလ်စလုံးလက်အောက်ရှိ KTLA တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရဲဘော်ရဲရင့်သေဆုံးမှု ဖြစ်စဉ်တွင် ဗိုလ်စလုံး ပါဝင်ပတ်သက်မှုရှိသည်ဟု အွန်လိုင်းပေါ် သတင်းထွက်ပေါ်လာမှုနှင့်ပတ်သက်၍ အဆိုပါ သေဆုံးမှုသည် မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းသာဖြစ်ကြောင်း ဗိုလ်စလုံးမှ အွန်လိုင်းပေါ်တွင် ပြန်လည်ဖြေရှင်းထားသည်။
ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလကလည်း တပ်တွင်းကျူးလွန်မိသည့် အမှားတချို့ကို ဖြေရှင်းချက်မပေးဘဲ တိမ်းရှောင်နေသည်ဟုဆိုကာ KTLA အထူးကွန်မန်ဒိုတပ်ရင်းမှူးဗိုလ်စလုံး၏ တပ်ရင်းမှူးတာဝန်ကို (၉)လကြာ အလားတူ ရပ်ဆိုင်းထားမှု လုပ်ဆောင်ခဲ့သေးသည်။