Home သတင်း သရက်ချောင်းမြို့နယ်ရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာအရေးပေါ်လိုအပ်

သရက်ချောင်းမြို့နယ်ရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာအရေးပေါ်လိုအပ်

674
Photo: နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့

မေလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားနေသလို စစ်တပ်မှ စားနပ်ရိ က္ခာလမ်းကြောင်းများကို ဖြတ်တောက်ထားသောကြောင့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိနေကြောင်း သရက်ချောင်းမြို့နယ်ရှိ စစ်ဘေးရှောင်များအား အနီးကပ် ကူညီနေသူများက ပြောသည်။

ယခု မေလ(၅)ရက်နေ့မှစတင်ကာ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်များကြား နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ကျေးရွာ(၉)ရွာမှ ဒေသခံတစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင် နေရပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာများအရေးပေါ်လို အပ်လျက်ရှိကြောင်း သရက်ချောင်းမြို့နယ် စစ်ဘေး ရှောင် အနီးကပ်ကူညီနေသူတစ်ဦးက ပြောသည်။

“အခုကကျတော့ စစ်ကောင်စီက ကျမတို့ တိုက်ပွဲဖြစ်နေတဲ့နေရာတွေဘက်ကို ရိက္ခာတွေဖြတ်ထားတာ။ အဲ့တာ ကြောင့် အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆေးဝါးအိမ်မှာ ကျမတို့နေ့တိုင်း စားသောက်တဲ့ အစားအစာမှန် သမျှလိုအပ်လာတယ်။ ဆန်ကလည်း တစ်အိတ်ကိုတစ်သိန်းကျော်ထိရှိလာတယ်။”ဟု ကေအိုင်စီသို့ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များ စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင် မှုကြောင့် သရက်ချောင်းမြို့နယ်အတွင်းရှိ ပဲဒက်၊ ကျောက်ဆည်၊ ကနက်သီရိ၊ ဂုံညှင်းဆိပ်၊ သဲလမ်း၊ ချောင်းဝ ပြင်၊ စုံစင် နှင့် ဆီတောစသည့် ကျေးရွာများဘက်ကို စစ်ကောင်စီက ကြည်းကြောင်း၊ ရေကြောင်း နှင့် လေ ကြောင်းများဖြင့် တိုက်ခိုက်လျက်ရှိသောကြောင့် ထောင်နှင့် ချီသည့် ဒေသခံများ စစ်ဘေးတိမ်း ရှောင်နေရ ခြင်းလည်းဖြစ်သည်။

စစ်ဘေးရှောင် ဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ရက်ကတည်းက ရှောင်နေရတာ။ လေကြောင်းက ပစ်ခတ်မှုတွေ ရှိနေ တော့ ဒေသခံတွေက ထွက်ပြေးကြတယ်။ အခုလက်ရှိမှာလည်း တိုက်ပွဲဖြစ်နေတဲ့ အသံတွေ ကြားနေရတော့။ အိမ် မပြန်ရဲ ကြတာလည်းပါတယ်။ ပြီးခဲ့တဲ့ ရက်ကပဲ ဒေသခံတစ်ထောင်ကျော်ပဲရှိသေးတယ်။ တစ်ရက်ထက် တစ်ရက်တိုးလာတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ နေအိမ် ထိခိုက်ပျက်စီးမှုများရှိခဲ့သည့်အပြင် ယခုအပတ်အတွင်း သရက်ချောင်း မြို့နယ်ရှိ ကနက်သီရိရွာမှ အရပ်သား (၅)ဦးသေဆုံခဲ့ပြီး ခြောက်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ ဂုံညှင်းဆိပ်ရွာမှာလည်း အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းအတွင်း တိုက်ပွဲများပိုမိုပြင်းထန်လာသည့်အပြင် စစ်ကောင်စီမှ လေကြောင်းအသုံးပြု တိုက်ခိုက် မှုများ ပိုမိုလုပ်ဆောင်လာသောကြောင့် ပြီးခဲ့သည့် ဧပြီလအတွင်း စစ်ဘေးရှောင် ဦးရေ(၅၈,၀၀၀)တိုးလာပြီး ထား ဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ရေဖြူမြို့နယ်၊ ပုလောမြို့နယ်၊ နှင့် တနင်္သာရီမြို့နယ်များတွင် နေရပ်စွန့်ခွာထွက်ပြေးရသူ ပိုများခဲ့ကြောင်း FE5 Tanintharyi ၏ဧပြီလအစီရင်ခံစာ အရ သိရသည်။