Home သတင်း မြို့အဝင်စစ်ဆေးရေးဂိတ်များ တိုက်ခိုက်ခံရ၍ လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးစစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာ

မြို့အဝင်စစ်ဆေးရေးဂိတ်များ တိုက်ခိုက်ခံရ၍ လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးစစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာ

318
Photo: Crd.

မေလ၂၇ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ စစ်ဆေးရေးဂိတ်များကို တော်လှန်ရေး တပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်း စစ်ကောင်စီမှ ခရီးသွားလာနေသည့် လူငယ်များကို အဓိက ပစ်မှတ်ထား၍ ဖမ်းဆီးစစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လျက်ရှိကြောင်း ထားဝယ်မြို့နေ ဒေသခံများက ပြောသည်။

ထားဝယ်ခရိုင်အတွင်းရှိ မြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်များကို ယခုလအတွင်း တော်လှန်ရေး တပ်ဖွဲ့ဝင် များမှ မကြာခဏ ဝင်ရောက်ပစ်ခတ်မှုများ လုပ်ဆောင်လာသောကြောင့် မြို့အဝင်ဂိတ်စောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခရီးသွားလာနေသည့် လူငယ်များကို စစ်ဆေးရေး ဖမ်းဆီးစစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း ထားဝယ်မြို့နေ အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“ပြီးခဲ့တဲ့အပတ်က မြို့အဝင်မှာ ပစ်ခတ်မှုဖြစ်တယ်။ အဲ့ဒီနောက်ပိုင်းမှ စစ်တပ်က အခုလိုတွေ လုပ်လာတယ်။ ဆိုင်ကယ်တွေနဲ့လာတဲ့လူငယ်သုံးယောက်ကိုဖမ်းတယ်။ ပြီးတော့ စစ်ကားပေါ်ကိုတင်ပြီး တပ်ရင်းထဲကို ခေါ်သွား ကြတယ်။ ဒါကသတင်းတွေလည်း ထွက်နေတယ်။ အဲ့တာကြောင့်ဘယ်သူမှ အခုရက်ပိုင်း သိပ်မထွက်ကြတော့ဘူး။ လူတော်တော် ရှင်းသွားတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် ထားဝယ်မြို့ နှင့် လောင်းလုံးမြို့နယ်သို့ ဆက်သွယ်တည်ဆောက်ထားသည့် ကမြောကင်း တံတား စစ်ဆေးရေးဂိတ်တွင်လည်း သံဆူးကြိုး အတားအဆီးများကို စစ်ဆေးရေးဂိတ်နှင့် ဝေးသည့် နေရာများအထိ လမ်းပေါ်တွင်ချထား၍ တပ်ဖွဲ့ဝင်အင်အားကိုလည်း ယခင်ထက်ပိုတိုးချထားကြောင်း ဒေသခံများ ကပြောသည်။

ထားဝယ်မြို့ခံတစ်ဦးက “မြို့အဝင်ပစ်ခတ်မှုပြီးတဲ့နောက်မှာ အဲ့ဒီအနီးတစ်ဝိုက်ကို စစ်တပ်က လုံခြုံရေး အပြည့်ယူလိုက်တဲ့ သဘော။ ဟိုတယ်တွေမှာကအစ စစ်တပ်တွေ တပ်စွဲလိုက်တာ။ အခုထိကို ဖမ်းခံထိတဲ့ လူရှစ်ယောက် လောက်အထိ ရှိနေပြီး။ စစ်တပ်ကတော့ မနိုင်ရင် နိုင်တဲ့ဟာကို ရမ်းလုပ်တဲ့သဘောမှာရှိနေတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် ထားဝယ်ခရိုင်အတွင်း မြို့အဝင်စစ်ဆေးရေးဂိတ် လေးခုအပြင် ထားဝယ်မြို့နယ်တွင် စစ်ဆေး ရေးဂိတ် ငါးခု၊ သရက်ချောင်းမြို့နယ်တွ် စစ်ဆေးရေးဂိတ်ခြောက်ခု၊ ရေဖြူမြို့နှင့် လောင်းလုံးမြို့ နယ်များတွင် သုံးခုစီရှိနေပြီး စစ်ကောင်စီတပ်ရင်းများရှေ့တွင်လည်း စစ်ဆေးရေးဂိတ်များ ချထားကာ ယခုလအတွင်း စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ(၁၉)ရက်နေ့တွင် ဗထူးတပ်မတော်(BHA)မှ ထားဝယ်မြို့အဝင်ရှိ စစ်ဆေးရေး ဂိတ်ကို ဝင်ရောက်ပစ်ခတ်ရာတွင် စစ်ကောင်စီမှ နှစ်ဦးသေဆုံးခဲ့သလို မေလ(၂၅)ရက်နေ့ နံနက် တွင်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ သရက်ချောင်းမြို့ပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ထပ်မံ တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။