Home သတင်း ကော့ကရိတ်မြို့ပေါ် နေအိမ်အချို့ ပြန်လည်တည်ဆောက်ရေး ပရဟိတလူပုဂ္ဂိုလ်များ အကူအညီပေးနေ

ကော့ကရိတ်မြို့ပေါ် နေအိမ်အချို့ ပြန်လည်တည်ဆောက်ရေး ပရဟိတလူပုဂ္ဂိုလ်များ အကူအညီပေးနေ

446
Photo: CJ

မေလ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့်စစ်ကောင်စီတို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားထားသည့် ကော့ကရိတ်မြို့တွင် စစ်ဘေးကြောင့် မီးလောင်ပျက်စီးခဲ့ရသည့် နေအိမ် အချို့အား ပရဟိတလုပ်ကိုင်သူ လူပုဂ္ဂိုလ်များ၏ အကူအညီဖြင့် ပြန်လည်တည် ဆောက်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

မြို့ပေါ်ရပ်ကွက်မှ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုဒဏ်ကြောင့် ပျက်စီးသွားသည့် နေအိမ် အချို့အား ဒေသခံ ပရဟိတ လူပုဂ္ဂိုလ်တို့က ဝါး၊ အင်ဖက်များအသုံးပြု၍ တစ်နိုင်တစ်ပိုင် ဆောက်လုပ် ပေးနေခြင်းဖြစ်သည်ဟု ပရဟိတပြုလုပ်သူ လူငယ်တစ်ဦးက ပြောသည်။

အဆိုပါလူငယ်က “တချို့ ဆင်းရဲနွမ်းပါးတဲ့သူ အသက်ကြီးတဲ့သူနဲ့မိန်းမသားတွေ ပဲရှိတဲ့အခါကျတော့ ကျနော်တို့နိုင်တဲ့အပိုင်းကနေ နည်းနည်းပါးပါးကူတာပါပဲ။ အများကြီးလုပ်ပေးနိုင်တာတော့မဟုတ်ဘူး။ အခုမှစဆောက်နိုင်တာ အိမ်(၂)အိမ်လောက်ပဲရှိပါသေးတယ်။ အိတ်စိုက်ပေါ့ အလှူတော့မခံပါဘူး။ စေတနာရှိလို့ ကျနော်တို့ကိုလာလှူတဲ့သူတွေရှိရင်တော့ လက်ခံတယ်” ဟု ၎င်းက ပြောသည်။

မြို့ပေါ်အပျက်အစီးအတွင်း အိမ်ခြေ(၁,၀၀၀)ကျော်ရှိသော အမှတ်(၇)ရပ်ကွက်တွင် လူနေအိမ် သုံးပုံနှစ်ပုံခန့် မီးလောင်ကျွမ်းခဲ့ရသလို ကျန်ရှိရပ်ကွက်အမှတ်(၂)နှင့်(၄) တို့တွင်လည်း ပျက်စီးမှု အနည်းအများရှိနေသဖြင့် မြို့လုံးကျွတ်ပြန်လည်တည်ထောင်ရေးအတွက် အချိန်ယူပြုလုပ်ရမည်ဖြစ် ကြောင်းလည်း ဒေသခံများက ဆိုသည်။

Photo: CJ

ထို့အပြင် စစ်ကောင်စီက လူနေအိမ်ရာနှင့်ချီ၍ မီးလောင်ပျက်စီးခဲ့ရသည့် ကော့ကရိတ်မြို့ပေါ်သို့ ဒေသခံ များ ပြန်လာနေထိုင်ရန် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းမှစတင် ခေါ်ယူကာ စားနပ်ရိက္ခာ အနည်းငယ် ပေးဝေနေ သော်လည်း လုံခြုံရေးစိတ်မချရသဖြင့် လက်ရှိအချိန်ထိ မြို့ပေါ်ရပ်ကွက်(၇)ခုတွင် နေထိုင် သူဦးရေ အများအပြားမရှိသေးဟု မြို့တွင်းသို့အသွားအလာပြုလုပ်သူအချို့က ပြောသည်။

“အိမ်ရှိတဲ့သူလောက်ပါပဲ၊ များလားဆိုတော့မများဘူး။ တချို့ကျတော့လည်း အခြေအနေကြည့် ပြီးပြန်ထွက်တယ်။ မြို့အပြင်ကရွာတွေမပါသေးဘူး။ စစ်ရှောင်တွေလည်း ရှိနေတုန်းပဲ” ဟု ကော့ကရိတ်မြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

တဖက်တွင်လည်း ဒေါနတောင်အာရှလမ်းနှင့် လမ်းဟောင်းမှတဆင့် မြဝတီဘက်သို့ တက်ရန် ကြိုးစား လုပ်ဆောင်နေသော စစ်ကောင်စီတပ်ဖွဲ့များသည် မြေပြင်စစ်ရေးအရ ရှုံးနိမ့်နေသဖြင့် လေကြောင်း၊ လက်နက်ကြီးတို့ဖြင့်သာ ပစ်ကူပေးနေရပြီး ကော့ကရိတ်မြို့နယ်တစ်ခုလုံးအနေဖြင့် နယ်မြေဘေးကင်းလုံခြုံရေး စိတ်ချထားမရသည့် အခြေအနေတွင် ရှိသည်။

ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများ စီစဥ်ပေးသောနေရာနှင့် ဘေးကင်းသည့်အရပ်များတွင်သာ နေထိုင်၍ ကော့ကရိတ်မြို့သို့ပြန်မလာကြရန် တော်လှန်ရေးအင်အားစုများအပါအဝင် KNU တာဝန်ရှိသူများက တိုက်တွန်းထားသည်။