မေလ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သထုံနှင့်ဘီးလင်းမြို့အကြား ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ ကျုံအိတ်တံတား ပျက်စီးပြီးနောက် မော်လမြိုင်မြို့အတွင်းသို့ ဆီကားများဝင်ရောက်နိုင်ခြင်းမရှိတော့သည့်အတွက် မြို့တွင်းစက်သုံးဆီ ပြတ်လပ်သည့် အခြေအနေဖြင့် ကြုံတွေ့နေရကြောင်း မြို့ခံများက ပြောသည်။
ပြီးခဲ့သည့်မေလ(၁၁)ရက်နေ့က မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် ထိုတံတားကျိုးကျပျက်စီးပြီးနောက်တွင် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်သဖြင့် ဆီကားများအဝင်အထွက်မလုပ်နိုင်တော့ဘဲ ယခုလို ဆီပြတ်လပ်လာရခြင်းဖြစ်သည်ဟု မော်လမြိုင်မြို့နေသူတစ်ဦးက ပြောသည်။
၎င်းက “တံတားကျိုးတော့ မြို့ထဲကိုဆီကားတွေ မလာနိုင်တော့တာလည်း ပါတယ်။ အခုတော့ အဲ့တံ တားဘက်ကို ကားအသေးတွေတော့ ဖြတ်နေကြတယ်လို့ ကြားတယ်။ ကားကြီးတွေ အခုထိ ဖြတ် မရသေးဘူး။ တံတား စကျိူးတဲ့နေ့တုန်းကလည်း ဆီဆိုင်တွေမှာ တန်းစီနေရတယ်။ အခုတော့ ထင်တဲ့ အတိုင်း တစ်မြို့လုံးနီးပါး ဆီဆိုင်တွေမှာ ဆီမရှိတော့ဘူး။”ဟု ပြောသည်။
တံတား မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် မော်တော်ယာဥ်အများစုမှာ လမ်းကျဥ်းမြောင်းသော ရွာချင်း ဆက်လမ်းနှင့် တောလမ်းများမှတဆင့် ကွေ့ပတ်သွားနေရသောကြောင့် ယာဥ်ကြောပိတ်ဆို့မှုအပြင် တိုက်ပွဲကြား လုံခြုံရေးအန္တရာယ်ပါ တွေ့ကြုံနေရသည်ဟု ခရီးသွားလာသူအချို့က ကေအိုင်စီသို့ ပြောဆိုထားသည်။
ထိုသို့ မြို့တွင်း စက်သုံးဆီပြတ်လပ်မှုအပြင် စက်သုံးဆီဈေးနှုန်းမှာလည်း ယခင်ကထက် ပိုမိုမြင့် တက်လာသောကြောင့် ဒေသခံများအနေဖြင့် လူနေမှုဘဝ အခက်အခဲရှိလာကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။
“ဆီဈေးက တစ်လီတာကို (၂,၀၀၀)ကျော်ကနေ (၄,၀၀၀)ကျော်အထိ တက်လာတယ်။ Taxi မောင်းတဲ့ သူတွေအတွက်ရော၊ မြို့တွင်းမြို့ပြင် သွားလာနေတဲ့သူတွေအတွက်ရော ဘယ်လိုအကြောင်းမျိုးနဲ့မှ အဆင်မပြေတော့ဘူး။ လူနေမှုဘဝတွေ ပိုပြီးကြပ်တည်းလာတယ်။ ကြားထဲက ရေမရှိ မီးက မလာနဲ့ဆိုတော့ ဘယ်လို ရပ်တည်ကြမလဲ။”ဟု အဆိုပါ ဒေသခံက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇွန်လပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ် များက အဆိုပါကျုံအိတ်တံတားအား စစ်ကောင်စီထောက်ပို့လမ်းကြောင်းတွင်ရှိသည်ဟုဆိုကာ မိုင်းခွဲဖျက်ဆီးမှုပြုလုပ်ခဲ့ပြီးနောက်တွင်လည်း ယခုလို ဆီပြတ်လပ်မှုဖြင့်ကြုံတွေ့ခဲ့ရသေးကြောင်း မြို့နေဒေသခံများက ပြောသည်။
လက်တလောတွင် တံတားပျက်စီးသည့်နေရာအချို့ကို မြေကြီးများဖို့ထားသဖြင့် ကားသေးများ အလှည့် ကျ အဝင်အထွက်လုပ်၍ရသော်လည်း ကားကြီးများဖြတ်သန်းရ အဆင်မပြေသေးသောကြောင့် တောလမ် ကိုသာ ဆက်လက်အသုံးပြုနေရကြောင်း မြေပြင်သတင်းအရင်းအမြစ်များအရ သိရသည်။