Home သတင်း ဒိုက်ဦးမြို့နယ်အတွက် စစ်သင်တန်း ဒုတိယအပတ်စဥ်ခေါ်ယူရာတွင် အသက်(၁၈)နှစ်အောက် ကလေးများ ပါဝင်နေ

ဒိုက်ဦးမြို့နယ်အတွက် စစ်သင်တန်း ဒုတိယအပတ်စဥ်ခေါ်ယူရာတွင် အသက်(၁၈)နှစ်အောက် ကလေးများ ပါဝင်နေ

821
Photo: Social Media

မေလ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီ၏စစ်မှုထမ်းဥပဒေအရ စစ်သင်တန်း ဒုတိယ အပတ်စဥ်အတွက် နာမည်စာရင်းကောက်ခံရာ၌ ဥပဒေအတွင်း ပြဌာန်းမထားသော အသက်(၁၈)နှစ်အောက် ကလေးများပါ နာမည်စာရင်းအတွင်း ပါဝင်နေကြောင်း နယ်ခံများထံမှ သိရသည်။

ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှတဆင့် ကုက္ကိုင်း၊ ကိုးတဲစု၊ ကျေးတောစု၊ ရေမအောင် အစရှိသည့် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများသို့ ပြီးခဲ့သည့် ဧပြီလအတွင်း ပေးပို့လာသော စစ်မှုထမ်းဒုတိယအပတ် စဥ်အတွက် နာမည်စာရင်းပါဝင်နေသူ လူငယ်အများစုမှာ နေရပ်တိမ်းရှောင်ကုန်ကြသဖြင့် ကျန်ရှိနေသော ကျောင်းနေအရွယ် အသက်(၁၈)နှစ်အောက် ယောက်ျားလေးများကို အစားထိုးစာရင်းသွင်းလာခြင်းဖြစ်သည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက အသက်(၁၃)နှစ်မှစ၍ လုပ်နိုင်ကိုင်နိုင်သော အသက်(၇၀)ကျော် အရွယ် ထိ အမျိုးသားများအား နာမည်စာရင်းသွင်းလာသောကြောင့် စာရင်းပါသည့် အသက်မပြည့်သေးသော ယောက်ျား လေးများ နေရပ်စွန့်ခွာရှောင်တိမ်းကြရသည်ဟု အုပ်ထိန်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“အငယ်ဆုံးက ၁၃၊ ၁၄ လောက်ဆိုခေါ်တယ်။ ကျမ မောင်လေးနှစ်ယောက်က ၁၅ နှစ်တစ်ယောက်နဲ့ ၁၈ နှစ် တစ်ယောက် နှစ်ယောက်လုံး နာမည်စာရင်းပါလို့ ပြေးလာကြတာ။ ကျောင်းပြီးပြီး မပြီးပြီး သူတို့နားမလည်ဘူး။ အရင်နာမည်စာရင်းပါတဲ့သူ‌တွေက ခရီးလွန်ကုန်ပြီလို့ပြောတော့ ကျန်တဲ့လူကြီးနဲ့ကလေးတွေကို ခေါ်တဲ့အခြေ အနေဖြစ်သွားတာ။ ရှိတဲ့သူကိုခေါ်မယ်ဆိုပြီး ဆယ်ကျော်သက်တွေပါ ပါကုန်တာပဲ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အုပ်ထိန်းသူဒေသခံများသည် နာမည်စာရင်းပါဝင်လာမည်စိုး၍ မြန်မာငွေကျပ် (၃၀,၀၀၀)ကို သက်ဆိုင်ရာ ရွာလူကြီးမှတဆင့် ပေးခဲ့ရသော်လည်း နောက်ပိုင်းတွင် စစ်မှုထမ်းဆောင်ခြင်းမှရှောင်လွဲ၍မရဟု ဆိုလာသဖြင့် ငွေကုန်ဆုံးသည့်အပြင် နေရပ်မှစွန့်ခွာရသောကြောင့် ကျောင်းနေအရွယ်လူငယ်များ၏ ပညာရေးလည်းထိခိုက်ရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။

Photo: Social Media

လာမည့် တတိယအပတ်စဥ်တွင်လည်း အမျိုးသမီးများကိုပါ စစ်မှုထမ်းခေါ်ယူတော့မည့် သတင်းများ ထွက်ပေါ်နေသဖြင့် လူငယ်၊ လူရွယ် အမျိုးသားများအပြင် အမျိုးသမီးငယ်အများစုသည်လည်း နေရပ်ရှောင်တိမ်းနေရသည်ဟု အမည်မဖော်လိုသော ဒိုက်ဦး နယ်ခံတစ်ဦးက ပြောသည်။

၎င်းက “တတိယအပတ်စဥ်ကျရင်တော့ မိန်းကလေးတွေပါပါမယ်ကြားတယ်။ ရွာထဲမှာ ယောက်ျားလေးတွေတောင်မရှိတော့ဘူး မိန်းကလေးတွေဆိုရင်လည်း လူငယ်မရှိတော့ဘူး။ သူတို့ပြောတာ အခုတော့ ရတဲ့လူခေါ်တော့မယ်တဲ့ ဘယ်သူပဲဖြစ်ဖြစ်ပေါ့။ တချို့ကျတော့လည်း မပြေးနိုင် တော့လို့နေနေရတာမျိုးပဲ ရှိတယ်။” ဟု အမည်မဖော်လိုသူ နယ်ခံက ပြောသည်။

စစ်ကောင်စီက ဒိုက်ဦးမြို့နယ်တွင် စစ်မှုထမ်းဥပဒေ မစတင်သေးသည့် ဖေဖော်ဝါရီလအစောပိုင်းကတည်းက ပြည်သူ့စစ်တပ်ဖွဲ့ဝင် စုဆောင်းမှုနှင့်အတူ စစ်မှုထမ်းရန် နာမည်စာရင်းများ ပြုစုကောက်ခံနေခြင်းဖြစ်ပြီး စာရင်း ပါ၍ နေအိမ်လုံးကျွတ်စစ်မှုထမ်းရှောင်တိမ်းသူအချို့၏ နေအိမ်များသည်လည်း စစ်တပ်၏ နေအိမ်ချိတ် ပိတ်သိမ်းခြင်းကို ခံနေရသည်။

အလားတူ ပဲခူးတိုင်းအရှေ့ပိုင်း တောင်ငူမြို့နယ်ရှိ ကျေးရွာအချို့တွင် နာမည်စာရင်းပါဝင်နေသူများ စစ်မှုထမ်းရန် နေရပ်ရှောင်တိမ်းပါက မိသားစုဝင်များကို အန္တရာယ်ပြုမည်ဟူ၍လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ဧပြီလမှစတင်ကာ စစ်ကောင်စီက စစ်မှုထမ်းအပတ်စဥ်(၁)ခေါ်ယူမည်ဟု ဆိုထားသော်လည်း သတ်မှတ် ကာလထက် စောစီးစွာခေါ်ယူသင်တန်းပေး၍ တိုက်ပွဲရှိရာ တပ်သားစေလွှတ်မှုများ ပြုလုပ်ခဲ့သလို လက်ရှိတွင် လည်း အပတ်စဥ်(၂)အတွက် တပ်သားသစ်ခေါ်ယူရေးလုပ်ငန်းများ အလျင်အမြန်လုပ်ဆောင်လာနေသည်။

Photo: Social Media