ဧပြီလ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ဒေသအသီးသီးမှ အလွှာစုံ ကရင်မျိုးဆက်ခေါင်းဆောင်လူငယ်များပါဝင်မည့် (Karen Intergenerational Leadership Conference) တွေ့ဆုံပွဲတစ်ခုကို လာမည့် မေလ ၁၈ ရက်နှင့် ၁၉ ရက်နေ့တို့တွင် ထိုင်း-မြန်မာ နယ်စပ်တစ်နေရာ၌ ပြုလုပ်သွားရန် စီစဉ်နေကြောင်း ဦးဆောင်စီစဉ်သူများထံမှ သိရသည်။
ကရင်အမျိုးသားရေးအတွက် လတ်တလော ဦးဆောင်နေသူ ခေါင်းဆောင်များနှင့် နောင်လာမည့် မျိုးဆက်သစ် ခေါင်းဆောင်များအကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ပြီး ပြုလုပ်ရခြင်း ဖြစ်ကြောင်း တွေ့ဆုံပွဲကို ဦးဆောင်ရာတွင် ပါဝင်သည့် ကော်မတီဝင်တစ်ဦးက ယခုလိုပြောသည်။
“လက်ရှိမျိုးဆက်ခေါင်းဆောင်တွေနဲ့ နောင်လာမဲ့ မျိုးဆက်ခေါင်းဆောင်တွေအကြားမှာ အမြင်သဘောထားတွေ ဖလှယ်ကြမယ်။ ပြီးတော့ ဒီကနေ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်တွေကို ပြောဆိုဆွေးနွေးကြမယ်။ မျိုးဆက်နှစ်ခု ကြားမှာ ချိတ်ဆက်မှုအားကောင်းအောင် နဲ့ အနာဂတ်မှာ ပိုမိုပူးပေါင်းလုပ်ဆောင်နိုင်ကြဖို့ဖြစ်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ကွန်းဖရန့်ကို တက်ရောက်နိုင်ရန်အတွက် တက်ရောက်ရမည့်သူသည် အသက် ၂၃ မှ ၄၀ နှစ်အတွင်းဖြစ် ရမည်ဖြစ်ပြီး အနည်းလုံး Bachelor degree အဆင့် ပြီးမြောက်ထားရမည့်သူဖြစ်ကာ ကရင့်တော်လှန်ရေးအပေါ် ကူညီရန် ဆန္ဒရှိမှုနှင့် ကရင့်တော်လှန်ရေးနှင့်သက်ဆိုင်သည့် အခြေခံအသိပညာများလည်း သိကျွမ်းထား ရမည်ဆိုသည့် သတ်မှတ်ချက်များထားရှိသည်။
ကွန်းဖရန့်ကို တက်ရောက်နိုင်ရန် နိုင်ငံတကာရောက် ကရင်လူငယ်များ၊ ပြည်တွင်း နှင့် နယ်စပ်ဒေသရှိ ကရင် လူငယ်များ အားလုံးကို ဖိတ်ခေါ်ထားပြီး မည်သူမဆို သတ်မှတ်ချက်နှင့်ပြည်စုံသူများအနေဖြင့် မေလ ၁ ရက် နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပြီး လျှောက်ထားသူများအထဲမှ လူဦးရေ ၇၀ ခန့် ပြန်လည်ရွေးချယ် သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
နှစ်ရက်တာ ပြုလုပ်ကျင်းပမည့် ၎င်းကွန်းဖရန့်တွင် သက်ဆိုင်ရာ ကရင်ခေါင်းဆောင်များနှင့် တက်ရောက်လာ မည့် ကရင်လူငယ်များအကြား တွေ့ဆုံ၍ လတ်တလော ရင်ဆိုင်နေရသည့် ကရင်နိုင်ငံရေး အခြေအနေများ နှင့် အုပ်ချုပ်ရေးဆိုင်ရာများကို အဓိကဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းတို့၏ ဖိတ်ခေါ်မှု အစီအစဉ်အရ သိရသည်။
အလားတူ အဆိုပါ ကွန်းဖရန့်ကို ကရင်လူငယ်များအနေဖြင့် ပါဝင်တက်ရောက်ကြရန်လည်း ကရင်အမျိုးသား အစည်းအရုံး-KNU တွဲဖက်အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းက KILC ၏ အစီအစဉ် မိတ်ဆက်မှုတွင် တိုက် တွန်း ပြောဆိုထားသည်။



















