Home သတင်း လေပြင်းတိုက်ခတ်မှုကြောင့် ကော့ကရိတ်မြို့နယ်တွင် လူနေအိမ်ပြိုကျပြီး ၁၃ နှစ်အရွယ် မိန်းကလေး တစ်ဦးသေဆုံး

လေပြင်းတိုက်ခတ်မှုကြောင့် ကော့ကရိတ်မြို့နယ်တွင် လူနေအိမ်ပြိုကျပြီး ၁၃ နှစ်အရွယ် မိန်းကလေး တစ်ဦးသေဆုံး

135
Photo- CJ

ဧပြီလ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြောက်ပိုင်းရှိ ကော့ကလောင်ကျေးရွာတွင် ယမန်နေ့ ဧပြီလ ၁၀ရက်နေ့ ညနေပိုင်းအချိန်တွင် ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၂ လုံးပြိုကျပြီး အသက် ၁၃နှစ် အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေသစ်အိမ်တစ်လုံး ပြိုကျရာတွင် အိမ်ဖိကျသည့်အတွက် အသက် ၁၃နှစ်အရွယ် ကျောင်းသူ နန်းထိုက်ထိုက် ၁၃ နှစ် ပွဲချင်းပြီး အသက်သေဆုံးသွားရကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။

၎င်းက “လေတိုက်တဲ့အချိန်မှာ ကလေးမလေးက အိမ်အောက်မှာရှိတာ။ နှစ်ယောက်သုံးယောက်ရှိ တယ်။ ဒါပေမယ့် အိမ်ပြိုတော့ လေးနှစ်သစ်တိုင်က သူ့ခေါင်းကို ရိုက်ချသလိုဖြစ်သွားတော့ ဆုံးသွား တယ်။ ကျန်တဲ့ကလေးတွေကတော့လွတ်သွားတယ်၊ ဘာမှတော့မဖြစ်ဘူး။ လေတိုက်နှုန်းက အရမ်းကြီးတာ။ လေတိုက်သံကလည်း တော်တော်ကျယ်တယ်။ အိမ်နီးနားမှာက အိမ် ၂ လုံးပြိုကျသွားတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

Photo-CJ

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကော့ကလောင်ကျေးရွာတွင် နေအိမ် ၂ လုံးပြိုကျသည့်အပြင် နေအိမ်အချို့လည်း ခေါင်မိုးလှန်သွားခြင်းရှိခဲ့ပြီး သစ်ပင်နှင့်အုန်းပင်အများအပြားလည်းလဲကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဧပြီလ ၁၀ရက် ယမန်နေ့တွင် ကရင်ပြည်နယ်ရှိ ကော့ကရိတ်မြို့နယ်အပြင် လှိုင်းဘွဲမြို့နယ် ကျေးရွာအချို့တွင်လည်း အလားတူ မိုးကြီးလေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ဧပြီလ ၁၁ရက်ယနေ့ ထုတ်ပြန်ချက်အရ ကရင်ပြည်နယ်၊ မွန်ပြည် နယ်တို့တွင် နောက်တပ် ၂ ရက်နေ့အထိ နေရာကွက်ကျား မိုးထစ်ချုန်း ဆက်လက် ရွာသွန်းမည်ဖြစ်ကြောင်း ဖော်ပြထားသည်။