Home သတင်း မြဝတီသို့ စစ်ကူရန် တက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်း လမ်းကြောင်းတစ်လျှောက် ပစ်ခတ်ရှင်းလင်းမှုများ လုပ်ဆောင်နေ

မြဝတီသို့ စစ်ကူရန် တက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်း လမ်းကြောင်းတစ်လျှောက် ပစ်ခတ်ရှင်းလင်းမှုများ လုပ်ဆောင်နေ

250
Photo: လူမှုကွန်ရက်

ဧပြီလ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့သို့ စစ်ကူရန် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့သို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်ယာဉ်တန်းသည် လက်လာသည့် လမ်းကြောင်းတစ်လျှောက် လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ရှင်းလင်းမှုများ လုပ်ဆောင်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကောင်စီ တပ်ယာဉ်တန်းသည် မြဝတီမြို့သို့ စစ်ကူသွားရန် ကရင်အမျိုးသားလွတ်မြောက် ရေး တပ်မတော် (KNLA)ပူးပေါင်းတပ်က လမ်းကြောင်းများ တားဆီးပိတ်ဆို့ထားသဖြင့် ယခုလို လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်၍ လမ်း‌ကြောင်းများရှင်းလင်း‌မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက”စစ်တပ်ကား‌တွေ မြဝတီမြို့ကိုတက်ဖို့ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ပြီး လမ်းကြောင်း ရှင်းနေတယ်။ လေယာဉ်လည်း အဆက်မပြတ်ကင်းလှည့်ကြည့်နေတယ်။ တော်လှန်ရေးတပ်ဖွဲ့ တွေလည်း အများကြီးဆင်းလာပြီး စောင့်နေတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ယာဥ်တန်းသည် ကျုံဒိုးချောင်းဖျားမှ ထို့ကော်ကိုး လမ်းကြောင်းနှင့် ကျုံဒိုးမှ ကော့ကရိတ်မြို့သို့ လမ်းကြောင်းဟူ၍ စစ်ကူသွားရန် တက်လာနေခြင်းဖြစ်ကြောင်း ကျုံဒိုးမြို့ဒေသခံများက ပြောသည်။

“စစ်ကားတွေက ကျုံဒိုးချောင်းဖျားဘက်လည်း တချို့တက်တယ်။ နွားခြံကုန်းဘက်လည်း တစ်ချို့တက်နေပြီး ကျုံဒိုးမှာလည်း ကျန်နေသေးတယ်။ သူတို့က သွားရင်းတပ်ချထားပြီး ဖြည်းဖြည်းတက်နေတယ်”ဟု၎င်း ကျုံဒိုးမြို့ခံက ပြောသည်။

Photo: လူမှုကွန်ရက်

ကားအစီးရေ ၂၀ စီးကျော်ပါရှိသည့် ထိုစစ်ကောင်စီယာဉ်တန်းသည် ယမန်နေ့ညက ကျုံဒိုးမြို့အကျော်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ စောင့်ကြိုတိုက်ခိုက်မှုများခံရသေးကြောင်း ဒေသခံများက ပြောသည်။

ကျုံဒိုးချောင်းဖျားမှတစ်ဆင့် ကျုံဘိုင်း-မြပတိုင်အထိ တက်လာသည့်လမ်းတစ်လျှောက် လက်နက်ကြီး လက်နက် ငယ်များရမ်းသမ်းပစ်ခတ်မှုကြောင့် လမ်းဘေးတွင်နေထိုင်သည့် ဒေသခံလူထုများ လက်နက်ကြီး ရန်ကြောင့် တိမ်းရှောင်နေသူရှိသလို လူသားဒိုင်းနှင့် ပေါ်တာဖမ်းဆီးခံရမည်ကို စိုးရိမ်သည့်အတွက် တိမ်းရှောင်နေသူများလည်းရှိသည်ဟု သိရသည်။

လက်ရှိတွင် စစ်ကူတောင်းခံထားသော မြဝတီမြို့စောင့်တပ် ခြေလျင်တပ်ရင်း -ခလရ ၂၇၅ စခန်းအား ယမန်နေ့ညက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ထားလိုက်ပြီဖြစ်သည်။