ဧပြီလ ၈ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
လူကြီးရောဂါဖြင့် ကွယ်လွန်သွားသော ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅)/ မူတြော်ခရိုင်၏ တပ်မဟာမှူးဟောင်း ဗိုလ်မှူးချုပ်စောမူဟဲ၏ ဂူသွင်းသင်္ဂြိုဟ်ဈာပနအခမ်းအနားကို ဧပြီလ ၅ ရက်နေ့က ၎င်း၏ ဇာတိ ရွာဖြစ်သည့် အူရေ့ထတွင် ကျင်းပပြုလုပ်ပြီးစီးခဲ့သည်ဟု သိရသည်။
အသက် ၇၃ နှစ်ရှိပြီဖြစ်သည့် ဗိုလ်မှူးချုပ်စောမူဟဲသည် တပ်မဟာမှူးတာဝန်ကို အနားယူခွင့် တောင်းလိုက်ပြီးနောက်တွင် လေဖြတ်ဝေဒနာကို စတင်ခံစားရကာ ပြီးခဲ့သည့် ဧပြီလ (၂)ရက်နေ့တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
သူသည် ၁၉၆၉ ခုနှစ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ထဲသို့ တပ်သား အဖြစ် စတင်ဝရောက်ပြီး ဒုတပ်ကြပ်၊ တပ်ကြပ်၊ တပ်ကြပ်ကြီး၊ ဗိုလ်၊ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးချုပ်စသည့် အဆင့်ဆင့်သော ရာထူးများပေးအပ်ခံခဲ့ရသည်။
၁၉၇၄ ခုနှစ်တွင် ဒုတပ်စိပ်မှူးအဖြစ် စတင်တာဝန်ထမ်းဆောင်ကာ တပ်စိပ်မှူး၊ တပ်စုမှူး၊ ဒုတပ်ခွဲမှူး၊ တပ်ခွဲမှူး၊ ဒုတပ်ရင်းမှူး၊ တပ်ရင်းမှူး၊ တပ်မဟာဗျူဟာမှူးစသည့် တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၁၂ခုနှစ်မှ ၂၀၂၂ခုနှစ် အထိတွင် တပ်မဟာ(၅)၏ တပ်မဟာမှူးတာဝန်ကို တာဝန်ထမ်းဆောင်ခဲ့သည်။

ကေအဲန်ယူတပ်မဟာ ၅ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒို့က “အသက်အရွယ်အရ တာဝန်ကနေ နားတဲ့အချိန်မှာ နေကောင်းရင်တော့ သူ့ကိုတပ်မဟာရဲ့ အကြံပေးအဖြစ်ထားမယ်လို့ ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် အိမ်မှာသူပြန်နားပြီး တစ်လတောင်မကြာဘူး၊ လေဖြတ်သွားတော့ သူလည်းဘာမှလုပ်လို့မရတော့ဘူး။ သူကွယ်လွန်တဲ့အချိန်မှာ တပ်မဟာရဲ့အကြံပေးအဖြစ်ပေါ့နော် ” ဟု ကေအိုင်စီသို့ ပြောသည်။
ဝါရင့်ကရင်တော်လှန်ရေးသမားတစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ် စောမူဟဲကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ အဖီး နော်ဘီ့ထူး၊ သား(၆)ဦးနှင့် သမီးတစ်ဦးကျန်ရစ်ခဲ့ကြောင်း သိရသည်။
ဗိုလ်မှူးချုပ်စောမူဟဲ မကွယ်လွန်ခင်တွင် ၎င်းဖြတ်သန်းခဲ့သည့် (၅၁)နှစ်တာကာလ တော်လှန်ရေး အတွေ့အကြုံကို အခြေခံထားသော စာမျက်နှာပေါင်း ၈၀ ရှိ ကိုယ်တိုင်ရေး အထ္ထုပ္ပတ္တိစာအုပ်တစ်အုပ်ကိုလည်း စကောကရင်ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့သည်။



















