Home သတင်း ဆွာမြို့အရှေ့ဘက်တွင် ကလေးနှင့် မိန်းကလေးအပါအဝင် အရပ်သား(၄)ဦးကို စစ်ကောင်စီတပ် ပစ်သတ်၊ (၅)ဦး ထက်မနည်းဖမ်းဆီးခံရ

ဆွာမြို့အရှေ့ဘက်တွင် ကလေးနှင့် မိန်းကလေးအပါအဝင် အရပ်သား(၄)ဦးကို စစ်ကောင်စီတပ် ပစ်သတ်၊ (၅)ဦး ထက်မနည်းဖမ်းဆီးခံရ

610
Photo: crd- CJ (ဆွာအရှေ့ဘက်ကျေးရွာတစ်ရွာတွင် လေကြောင်းတိုက်ခိုက်ခံရသဖြင့် ပျက်စီးသွားသည့် နေအိမ်-ပုံဟောင်း)

ဧပြီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့အရှေ့ဘက်ရှိ ရွာသစ်ကျေးရွာမှ ကလေးနှင့် မိန်းကလေး အပါအဝင် အရပ်သား(၄)ဦးကို စစ်ကောင်စီတပ်က ဧပြီလ(၂၁)ရက်၊ ယမန်နေ့တွင် ပစ်သတ်ခဲ့ပြီး ၎င်းတို့ တပ်စွဲထားသည့် ခင်တန်းနှင့် ထန်းပင်ကုန်းရွာရှိ ဒေသခံ (၅)ဦးထက်မနည်းသည်လည်း ဧပြီလ(၁၇)ရက်နေ့မှ ယနေ့ထိ ဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ(၁၃)ရက်နေ့မှစ၍ လက်ရှိအထိ ဆွာအရှေ့ဘက် ခင်တန်း၊ ကိုးတန်း၊ ဆွာရွာမနှင့်ထန်းပင်ကုန်း ကျေးရွာ အစရှိသည့်ကျေးရွာများတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲနှင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ပြန်မ ဆုတ်ခွာဘဲ အချို့ရွာများအတွင်းနေထိုင်ကင်းလှည့်နေစဥ် ထိုကဲ့သို့ဖမ်းဆီး သတ်ဖြတ်ခံရမှုများ ဖြစ်ပွား နေခြင်းဖြစ်သည်။

ယမန်နေ့က ရွာသစ်ကျေးရွာဘက်သို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်သည် ရွာအတွင်းရှိ အရပ်သား ပိုင် နေအိမ်(၆)လုံးအား မီးရှို့၍ အမျိုးသမီးတစ်ဦး၊ ကလေးငယ်တစ်ဦးနှင့် နောက်ထပ်ဒေသခံ(၂)ဦး စုစုပေါင်း (၄)ဦး အား အကြောင်းပြချက်မရှိဘဲ ပစ်သတ်ခဲ့သည်ဟု ဒေသခံရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “သူတို့က ခင်တန်းတို့၊ ထန်းပင်ကုန်းတို့ဘက်မှာ တပ်ထိုင်ထားပြီး အနားကရွာတွေကို လိုက်မွှေတယ်။ (၂၁) ရက်နေ့ကျတော့ ရွာသစ်ရွာဘက်ကိုဝင်ပြီး အိမ်(၆)လုံးကိုမီးရှို့သွားတယ်။ ရွာသား(၄)ယောက်ကို ပစ်သတ်တယ်။ တစ်ယောက်ကိုကျတော့ အိမ်မီးလောင်နေတဲ့ထဲမီးထည့်ရှို့တယ်။ ပစ်သတ်ခံရတဲ့ထဲမှာ မိန်းကလေးတစ်ယောက်နဲ့ ကလေးတစ်ယောက်ပါတယ်။ ဘာကြောင့်ပစ်သတ်ခံရသလဲဆိုတာ ကျနော်တို့ မသိရဘူး။ သေသွားတဲ့သူ တွေကတော့ ရွာထဲမှာ ပိတ်မိကျန်ခဲ့တဲ့သူတွေထင်တယ်။” ဟု အဆိုပါ ဒေသခံက ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီလ(၁၇)ရက်နေ့က အနောက်ကုန်းရွာနှင့်အခြားရွာ(၃)ရွာကို စစ်တပ်က လေကြောင်းမှ ပစ်ခတ်ခဲ့မှုအပါအဝင် ယခင်ရက်က လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံ(၆)ဦးထိခိုက်ဒဏ်ရာရရှိထားပြီး ပိတ်မိကျန်ရစ်သူ ရွာသား(၇)ဦးထက်မနည်း စစ်တပ်၏ ဖမ်းဆီးခြင်းခံရကာ အဆက်အသွယ်ပြတ် တောက်နေကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံလိုက်ရသည့်ရွာသားများ၏ နေရပ်နှင့်အမည်အသေးစိတ်ကိုမသိရှိရသေးသော်လည်း ၎င်းတို့အနက် ကန်လှရွာနှင့်သဲကောရွာမှ ပစ္စည်းလာကူသိမ်းပေးသည့်ရွာသား(၂)ဦးလည်း အပါအဝင်ဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သူဒေသခံကပြောသည်။

“ကိုးတန်းမှာဖြစ်တော့ အမျိုးတွေကို ပစ္စည်းကူရွှေ့ပေးဖို့သွားတဲ့ ကန်လှနဲ့သဲကောရွာက ရွာသားနှစ်ယောက်ကို စစ်တပ်ကဖမ်းထားလိုက်တာ အခုချိန်ထိဘာသတင်းမှမရဘူး။ ကြားနေတာတော့ ခင်တန်းမှာဖမ်းထားတယ်တဲ့။ နောက်ပြီး ထန်းပင်ကုန်း၊ ခင်တန်းဘက်က ရွာသား(၇)ယောက်၊ (၈)ယောက်လောက်ကိုလည်း ဖမ်းထား တယ်လို့ ပြောတယ်။ အဲဒီအထဲမှာ သတ်ပစ်ခံလိုက်ရတဲ့သူတွေလည်းရှိတယ်” ဟု အဆိုပါနီးစပ်သူက ဆိုသည်။

တစ်ပတ်ကျော်ကြာလာသည့် အထက်ပါပဋိပက္ခကြောင့် ရွာ(၈)ရွာရှိ ဒေသခံနှစ်ထောင်ထက်မနည်း ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရသလို မည်သည့်အကြောင်းကြောင့်ဖြစ်စေ နေရပ်ပြန်စဥ် စစ် ကောင်စီတပ်ဖွဲ့များနှင့် တွေ့ဆုံမိပါက ဖမ်းဆီးသတ်ဖြတ်ခံနေရသည့်သတင်းများကြောင့် လတ်တလောနေ အိမ်မပြန်ကြရန် ဒေသအတွင်း လူမှုရေးလှုပ်ရှားသူအချို့က သတိပေးထားသည်။

ပြီးခဲ့သည့်တစ်ပတ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ပွဲတွင် စစ်ကောင်စီဘက်က (၃၀)ဦးကျော် သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် (၄)ဦးသေဆုံး၊ (၈)ဦးထိခိုက်ဒဏ်ရာရရှိထားကြောင်း မြေပြင်စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။