Home သတင်း စစ်ကောင်စီ စစ်ကူယာဉ်တန်း ဒေါနတောင်ခြေတွင် တိုက်ခိုက်ခံရ၍ သံချပ်ကာကားနှင့် စက်သေနတ်တင်ကား ၂ စီးပျက်စီးပြီး ပြန်ဆုတ်ပြေးရ

စစ်ကောင်စီ စစ်ကူယာဉ်တန်း ဒေါနတောင်ခြေတွင် တိုက်ခိုက်ခံရ၍ သံချပ်ကာကားနှင့် စက်သေနတ်တင်ကား ၂ စီးပျက်စီးပြီး ပြန်ဆုတ်ပြေးရ

1257
Photo: Cobra Column

ဧပြီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့ကို စစ်ကူတက်လာသည် စစ်ကောင်စီစစ်ကြောင်း ကော့ကရိတ်မြို့အထွက် အာရှလမ်းမ တောနော် ရေတံခွန်လမ်းကွေ့နေရာအနီးတွင် ဧပြီ ၂၁ ရက်ယမန်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် သံချပ်ကာ ကားနှင့် စက်သေနတ်တင်ကား ၂ စီး ပျက်စီးပြီး စစ်ကြောင်း ပြန်ဆုတ်ပြေးခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ ကြားဖြတ်တိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့် ထိခိုက်သေဆုံးပြီး ရုရှားလုပ် သံချပ်ကာ ကားတစ်စီး၊ စက်သေနတ်တင်ကား ၂ စီးနှင့် လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်များ သိမ်းဆည်း ရမိကြောင်း ဧပြီ ၂၂ ရက်၊ ယနေ့တွင် တော်လှန်ရေး ပူးပေါင်းမဟာမိတ်စစ်ကြောင်းများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

“ ၁၂ ရက်(ဧပြီ)၊ ၁၃ ရက်လောက်က တက်လာတာ စစ်ကားအစီး ၂၀ လောက်ပါတယ်။
ကော့ကရိတ်ကနေ မြဝတီကို ဆက်ထွက်တာမှာ KNLA နဲ့ PDF တွေနေ့တိုင်းကြားဖြတ် တိုက်နေတာမှာ မနေ့က တင့်ကားနဲ့ ပွိုင့်ဖိုက် စက်သေနတ်တင်ကား ၂ စီးနဲ့ ကျည်တွေ သေနတ်တွေရတယ်။ စစ်တပ်ဘက်ကတော့ သေတဲ့ အလောင်းတွေ များတယ်။ သူတို့ ပြန်ဆုတ်ပြေးတယ်။”ဟု KNLA မဟာမိတ်စစ်ကြောင်းက စစ်ရေး သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

အဆိုပါ တက်လာသော စစ်ကောင်စီတပ် စစ်ကူစစ်ကြောင်းနှင့်အတူ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)အဖွဲ့မှ ဗိုလ်ဘိဦးစီးသည့်တပ်ဖွဲ့ဝင်များ လမ်းပြပြီး တက်လာသည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပြောဆိုပြီး ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ရန် လုပ်ဆောင်နေဆဲဖြစ်သည်။

Photo: Cobra Column

လတ်တလော မြဝတီတံတား အမှတ် (၂)နေရာကို ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေသည့် KNLA မဟာမိတ်တပ်များ ယမန်နေ့က ဧပြီ ၂၁ ရက်မှာ တပ်ပြန်ဆုတ်ထားသော်လည်း မြဝတီမြို့ကို စစ်ကူတက်လာသည့် စစ်ကောင်စီ ၏ အောင်ဇေယျ စစ်ဆင်ရေး စစ်ကူစစ်ကြောင်းများကို ကော့ကရိတ်မြို့အထွက် နေရာ ၄ ခု ‌‌‌‌‌‌‌‌‌‌ခန့်ကနေကြား ဖြတ် တိုက်ခိုက်နေကြောင်း တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ဝင်များထံမှ သိရသည်။

၎င်းစစ်ရေးသတင်းအရင်းအမြစ်ကဆက်လက်၍ “ မြဝတီမှာ တံတား (၂)ထဲက စစ်တပ်ကို တိုက်တာမှာ စစ် တပ်က လေယာဉ် ဗုံးကြဲတာက ဒေသခံ လူထုတွေကို ထိခိုက်အောင် ဗုံးကြဲချတယ်။ နှစ်ဖက်တိုက်နေတဲ့ နေရာ တွေကို မကြဲချဘူး၊ စစ်စခန်းတွေနဲ့ ကုန်သွယ်ရေး တံတား (၂)ဝင်း ကို မကြဲချဘူး။ ကာစီနိုရုံတွေ မကြဲချဘူး၊ အရပ်သားတွေကို စိတ်ဓါတ် စစ်ဆင်ရေးလုပ်ပြီး KNLA ကြောင့်၊ PDF တွေကြောင့် ငါတို့အိမ်ရာတွေပျက်စီးရတယ် ပုံစံဖြစ်အောင် လုပ်တာမို့ တပ်တွေနောက်ပြန်ဆုတ်ကြတယ် ” ဟု ပြောသည်။

လက်ရှိ မြဝတီမြို့ဘက်တွင် နှစ်ဖက်တိုက်ပွဲများငြိမ်သက်နေသော်လည်း ကော့ကရိတ်၊ ကျုံဒိုးဒေသဘက်တွင်မူ စစ်ကောင်စီ စစ်ကူစစ်ကြောင်းများကို KNLA မဟာမိတ်တပ်များ ဖြတ်တောက်တိုက်ခိုက်၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များက ပြောသည်။