ဧပြီလ ၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ နယ်စပ်ရှိ မဲဆောက်လေဆိပ်သို့ ပြီးခဲ့သည့် ဧပြီလ(၇)ရက်နေ့က စစ်ကောင်စီ၏ အမျိုးသားလေကြောင်း လိုင်း-MNA မှ လေယာဥ်တစ်စီးကို ထိုင်းနိုင်ငံအစိုးရဘက်က (၃)ရက်တာ ပျံသန်းပြေးဆွဲခွင့်ပေးခဲ့သည့်အပေါ် မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က ထောက်ပြဝေဖန်လိုက်သည်။
မဲဆောက်လေဆိပ်တွင် (၁)နာရီကျော်ကြာရပ်နားခဲ့သော အဆိုပါလေယာဥ်အား လူသားချင်းစာနာမှုဖြင့် အရေးပေါ်ဆင်းသက်ခွင့်ပေးထားခြင်းဖြစ်သလို မြန်မာအရပ်သားများအား ၎င်းတို့ ပိုင်ဆိုင်သော ပစ္စည်းများနှင့်အတူတကွ ပြန်ခေါ်ရန် လုပ်ရိုးလုပ်စဥ်အတိုင်း ဆောင်ရွက်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံဘက်က တုန့်ပြန်ပြောဆိုထားခြင်းဖြစ်သည်။
ထိုလုပ်ဆောင်ချက်နှင့်ပတ်သက်၍ ထိုင်းနိုင်ငံအစိုးရအနေဖြင့် စစ်ကောင်စီကို လျှို့ဝှက်ကူညီ ပေးလိုက်ခြင်း ဖြစ်သည့်အပြင် ပွင့်လင်းမြင်သာမှုလည်းမရှိခဲ့ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စောကပီက ကေအိုင်စီသို့ ယခုလိုပြောသည်။
“ဖြစ်စဉ်ကတော့ထိုင်းအစိုးရကနေ စစ်ကောင်စီကို ခိုးပြီးကူညီပေးတယ်လို့တော့ ပြောလို့ရပါတယ်။ ဘာကြောင့် လဲဆိုတော့ လေယာဉ်အရေးပေါ်ပျံသန်းမယ်ဆိုပြီး သံရုံးကပို့တဲ့စာကတောင် သတင်းသမားတွေရှာ ဖွေသိရှိပြီး လူမှုကွန်ရက်ကနေကျနော်တို့ သိလိုက်ရတာ။ ဒါကြောင့်မို့လို့ ဒီထိုင်းအစိုးရက စစ်ကောင်စီရဲ့ လိုအပ်ချက် (ပိုက်ဆံ)တွေကို ပြန်ရဖို့ပွင့်လင်းမြင်သာမှုမရှိဘဲ ခိုးပြီးကူညီခဲ့တယ်ဆိုတာပြောလို့ရပါတယ်” ဟု စောကပီက သုံးသပ်ပြောဆိုသည်။
စစ်ကောင်စီပိုင် လေယာဥ်သည် မြဝတီမြို့ရှိ ဘဏ်အချို့မှငွေသေတ္တာများကို သယ်ဆောင်သွား သည်ဟု လည်းကောင်း၊ မြဝတီစခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ချစစ်ကောင်စီတပ်ဖွဲ့ဝင်များအား လာရောက် ခေါ်ယူခြင်းဖြစ်သည်ဟုလည်းကောင်း နီးစပ်သူအချို့နှင့် ထိုင်းမီဒီယာများက ရေးသားပြောဆိုနေကြကြောင်း တွေ့ရသည်။
မည်သို့ပင်ဖြစ်စေ ထိုင်းနိုင်ငံပိုင်နက်သို့ ပျံသန်းသွားလာရန် စစ်ကောင်စီ၏ တောင်းဆိုချက်ကို ခွင့်ပြုပေးခြင်းက ထိုင်းအစိုးရအနေဖြင့်ရော ထိုင်းစစ်တပ်အနေဖြင့်ပါ စစ်ကောင်စီကိုကူညီပေးရာရောက်နေပြီး တဖက်တွင်လည်း စစ်ကောင်စီ၏ အင်အားသည် မြဝတီကို ထိန်းချုပ်နိုင်စွမ်းမရှိတော့သည်မှာ ပေါ်လွင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် မောင်ကျော်စွာကလည်း သုံးသပ်သည်။
၎င်းက“သူတို့အချင်းချင်းဆက်သွယ်မှုကတော့ ပုံမှန်ရှိတယ်လို့ ယူဆရတယ်။ စစ်တပ်အချင်းချင်းရော အစိုးရ အနေနဲ့ရောပေါ့။ ဒီကနေဘာမြင်နိုင်သလဲဆိုတော့ စစ်ကောင်စီရဲ့အခြေအနေက ထိုင်းကို တောင်အကူအညီ တောင်းရတဲ့အခြေအနေဖြစ်လာနေပြီပေါ့နော်။ မြဝတီကိုသူတို့ထိန်းချုပ်နိုင်မှုမရှိတော့ဘူး ၊ လက်လွှတ်ရတဲ့အနေအထားလို့ ဒီအချက်အလက်တွေအရ ပြောလို့ရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အတူ ထိုင်းနိုင်ငံအနေဖြင့် စစ်ကောင်စီပိုင်လေယာဥ်ဖြင့်ပစ္စည်းများအပြင် လက်နက်များသယ်ဆောင်ရန်ပါ ခွင့်ပြုပေးခဲ့ပါက ၎င်းတို့ကိုကူညီပေးခဲ့ခြင်းသာဖြစ်ပြီး လူသားချင်းစာနာမှုအကူအညီပေးသည်ဆိုပါကလည်း ဘက်လိုက်မှုမရှိဘဲ တရားမျှတစွာ လုပ်ဆောင်ပေးသင့်ကြောင်း ထိုင်းအတိုက်အခံပါတီ Move Forward ၏ ခေါင်းဆောင်ပီတာကလည်း ထောက်ပြတိုက်တွန်းထားသည်။
၎င်းအပြင် ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် နှစ်နိုင်ငံပြည်သူများအကျိုးစီးပွားအတွက် မူဝါဒချမှတ်၍ ယနေ့ ဧပြီလ(၉)ရက်နေ့နံနက်ပိုင်းက အရေးပေါ်အစည်းအဝေးခေါ်ယူပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဦးဆောင်မည့် မြန်မာ့အရေးဆိုင်ရာ အလုပ်ကော်မတီတစ်ခု ဖွဲ့စည်းမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Srettha Thavisin က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါအစည်းအဝေးတွင် ထိုင်း-မြန်မာနယ်စပ်အရေး၊ ထိုင်းနိုင်ငံ၏လူ သားချင်းစာနာ ထောက်ထား ရေးပံ့ပိုးလျက်ရှိသည့် အခြေအနေများ၊ နယ်စပ်ကုန်သွယ်ရေးနှင့် မြန်မာနိုင်ငံတွင်းတည်ငြိမ်အေးချမ်းရေး နှင့်ပတ်သက်သည်များအား ဆွေးနွေးပြောဆိုခဲ့ကြကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။