Home သတင်း မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တိုက်၊ လေကြောင်းပစ်ခတ်မှုဖြင့် စစ်ကောင်စီတုန့်ပြန်

မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တိုက်၊ လေကြောင်းပစ်ခတ်မှုဖြင့် စစ်ကောင်စီတုန့်ပြန်

1937
Photo: (လူမှုကွန်ရက်)

ဧပြီလ ၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့၏ စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း (ခလရ ၂၇၅) မြို့စောင့်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် ပူးပေါင်းတပ်များ ဝင်ရောက် တိုက်ခိုက်မှုစတင်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုဖြင့် တုန့်ပြန် ပစ်ခတ်လျက်ရှိကြောင်း စစ်မြေပြင်သတင်းအရင်းအမြစ်က ပြောသည်။

“နေ့လည် တိုက်ပွဲပြန်စနေပြီ ‌‌‌‌‌၂၇၅ မှာ။ ဒရုန်းနဲ့ ဗုံးကြဲတာမှာ ကျပေါက်ပြီး တပ်ရင်းပတ်ခြာလည်နေ ရာများမှာ တောမီးလောင်မှုဖြစ်နေတယ်။ အကြီးအသေးနှစ်ဖက် အကုန်ပစ်သံတွေ ညံဆူနေတယ်။ လေ ယာဉ်က ဗုံးကြဲတာ မြစန္ဒီရပ်ကွက်၊ ကားဝင်းဘက် မီးလောင်နေတယ် ” ဟု မြဝတီ မြေနီကုန်း ရပ်ကွက် ဒေသခံက ကေအိုင်စီသို့ ပြောသည် ။

လက်ရှိ မြဝတီ မြို့ပြင်နေရာ‌‌တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားနေသည့်အတွက် မြို့တွင်း မြို့ပြင်အသွား အလာအဆက်အသွယ် ပြတ်တောက်နေသော်လည်း မြဝတီ -မဲဆောက် ချစ်ကြည်ရေး တံတားအမှတ် ၁ နှင့် အမှတ် ၂ ကုန်သွယ်ရေး တံတားတို့တွင် လုပ်ငန်းများ ပုံမှန်လည်ပတ်သွားလာနေဆဲဖြစ်ကြောင်း မြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။

Photo: (လူမှုကွန်ရက်)

မြဝတီမြို့ပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် KNLA မဟာမိတ် ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွား နေသောကြောင့် မြဝတီမြို့တွင်းသို့ ကူးစက်တိုက်ခိုက်မှုများ ဖြစ်လာတော့မည်ဟု သတင်း များ ပျံ့နှံ့နေသည့်အပါ် မြို့ခံများအကြား စိုးရိမ်လျက်ရှိသည်။

ထိုအခြေအနေကြောင့် မြဝတီမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးနှင့် စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းအနီး တဝိုက်တွင် ငှားရမ်းနေထိုင်ကြသော ဒေသခံအများစုမှာလည်း အသက်ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်မှုများ ပိုမိုလုပ်ဆောင်လာနေကြောင် သိရှိရသည်။

လက်ရှိ မြဝတီမြို့တွင် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင်များက မြို့တွင်းကင်းလှည့်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု မြို့ခံများက ပြောသည်။