Home သတင်း နတ်သံကွင်း-ကျောက်ကြီးသို့ စစ်ကောင်စီရိက္ခာသယ်ပို့စဥ် ပြည်သူပိုင်ပစ္စည်းဥစ္စာများကို ခိုးယူ

နတ်သံကွင်း-ကျောက်ကြီးသို့ စစ်ကောင်စီရိက္ခာသယ်ပို့စဥ် ပြည်သူပိုင်ပစ္စည်းဥစ္စာများကို ခိုးယူ

193
Photo: CJ

ဧပြီလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့သော နတ်သံကွင်းမြို့မှ ကျောက်ကြီးမြို့သို့ စစ်ကောင်စီက တောလမ်းဖောက်လုပ်၍ မတ်လနောက်ဆုံးပတ်အတွင်း ရိက္ခာသယ်ပို့စဥ် ထိုလမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူပိုင်ပစ္စည်းဥစ္စာများကို ခိုးယူသယ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကတည်းက ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများကြောင့် နတ်သံကွင်းမှကျောက်ကြီးသို့သွားရန် ပုံမှန်အသုံးပြုနေသော ကားလမ်းကို အသုံးမပြုကြတော့ခြင်းဖြစ်သလို စစ်ကောင်စီက ပြည်သူလူထုအပေါ် ဒိုင်းကာအဖြစ်အသုံးချမှုများကြောင့် တပ်မဟာ(၃) ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-KNDO ဘက်ကလည်း လမ်းအသုံးမပြုရန် ပြည်သူလူထုကို အသိပေးထားခြင်းဖြစ်သည်။

ထို့ကြောင့် စစ်တောင်းမြစ်တစ်ဖက်ကမ်းမှ နတ်သံကွင်းမြို့သို့၊ ထိုမှတဆင့် ကျောက်ကြီးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ရေတွင်းကုန်း၊ အုန်းပင်စု၊ ငနွားဆိပ်၊ အညာဆိပ်၊ ရေလဲ၊ ရွာကြီးအင်း အစရှိသည့်ကျေးရွာများကိုဖြတ်သန်း၍ တောလမ်းဖောက်လုပ် ရိက္ခာသယ်ပို့ရင်းဖြင့် ထိုရွာများမှ ဒေသခံပိုင်ပစ္စည်းဥစ္စာများကို စစ်တပ်က ခိုးယူသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ကျောက်ကြီးကကြက်လှောင်အိမ်လိုပဲ ထွက်လို့မရတော့လေ။ နတ်သံကွင်းကနေမှ ကျောက်ကြီး မြို့ထဲကို တောလမ်းဖောက်ထားတယ်။ ရိက္ခာသယ်တာမြင်းလားတွေတောင်ပါတယ် ။ ကားတွေလည်းပါတယ်။ ကျောက်ကြီး-နတ်သံကွင်းကားလမ်းကျတော့ သူတို့(စစ်ကောင်စီ က)ဖြတ်ဖို့မလွယ်ဘူး။ တောလမ်းဘက်ကျတော့ သူတို့လုံခြုံရေးဝင်ထားပြီး သွားလို့ရတယ်။ ရွာတွေမှာက လူတွေအကုန်ထွက်ပြေးပြီ။ အသွားကို ရိက္ခာတွေတင်တယ်။ အပြန်ကျတော့ အဲဒီ ရွာထဲ တွေမှာကျန်ခဲ့တဲ့ သူများပစ္စည်းတွေအကုန်လုံးသယ်သွားတာပဲ။” ဟု ၎င်းဒေသခံအမျိုးသားက ပြောသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုနောက်ဆက်တွဲတွင် အနီးအနားရွာမှဒေသခံများ နေအိမ်စွန့်ခွာ ထွက်ပြေးရမှုသည် ညောင်လေးပင်ခရိုင်တစ်ခုလုံးတွင် ဖြစ်ပေါ်နေပြီး စစ်တပ်ဝင်ထိုင်တပ်စွဲထားသော ကျေးရွာအများစုမှာလည်း နေအိမ်ဖောက်ထွင်းခိုးယူခံရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

၎င်းအပြင် စစ်ကောင်စီက လက်ရှိ ပြန်လည်စိုးမိုးထားသော နတ်သံကွင်းမြို့မှ ထိုသို့တောလမ်း ဖောက်လုပ် ရိက္ခာသယ်ပို့မှုအပေါ် KNU အနေဖြင့် သိရှိပြီးဖြစ်ကြောင်း KNU ပြောခွင့်ရပဒိုစောကလယ်စေးက ယခုလို ပြောသည်။

“စစ်ကောင်စီကတိုးလို့ရလောက်တိုးတာပေါ့။ ကျနော်တို့ဘက်ကလည်း ခဏတဖြုတ်နောက် ဆုတ်ပေးထားတာပါ။ ကျောက်ကြီးဘက်ကို တောလမ်းကနေရိက္ခာတွေသယ်နေတာလည်း ကျနော်တို့သိပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

အဆိုပါတောလမ်းတစ်လျှောက်ရှိ ကျေးရွာများသည် မတ်လအတွင်း စစ်ကောင်စီက စစ်ကြောင်း ထိုးဝင်ရောက်ခြင်း၊ လေကြောင်းနှင့်လက်နက်ကြီးသုံးတိုက်ခိုက်မှုများကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ကျေးရွာများလည်းဖြစ်ကြောင်း KNU ၏ မတ်လ(၂၄)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ နတ်သံကွင်းဒေသတွင် KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ၊ ဇွန်လပိုင်းက နှစ်ဖက်ထိတွေ့တိုက်ပွဲနှင့်လေကြောင်းပစ်ကူမှုများကြောင့် ဒေသခံများ စစ်ဘေးတိမ်းရှောင်ရစဥ်ကလည်း မြို့ပေါ်ရပ်ကွက်မှလူနေအိမ်အများစု နေအိမ်ဖောက်ထွင်း ခံရမှုဖြစ်ပွားခဲ့သေးသည်။