Home သတင်း ဆုံးရှုံးထားသည့် (ခမရ-၃၅၅) တပ်စခန်းသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်သားများ စောင့်ကြိုပစ်ခတ်ခံရပြီး ၂၀ ဦးသေဆုံး

ဆုံးရှုံးထားသည့် (ခမရ-၃၅၅) တပ်စခန်းသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်သားများ စောင့်ကြိုပစ်ခတ်ခံရပြီး ၂၀ ဦးသေဆုံး

141
Photo: KNU

ဧပြီလ ၂ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ထားသည့် မြဝတီ သင်္ဃန်းညီနောင်အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ-၃၅၅) ကို ပြန်လည်ရရှိရေး စစ်ကူ ၂ ကြိမ် လာသော စစ်ကောင်စီတပ်များကို စောင့်ကြိုတိုက်ခိုက်ရာ ၂၀ ဦးသေဆုံးပြီး လက်နက်ခဲ ယမ်းအများ အပြား သိမ်းဆည်းရမိခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

(ခမရ-၃၅၅) တပ်စခန်းကို ပြန်လည်ရရှိရေးအတွက် စစ်ကူလာသည့် စစ်ကောင်စီ၏ (၉၇) တပ်ရင်း၊ (၁၀၂) တပ်ရင်း၊ (၁၁၈) တပ်ရင်း၊ (၅၄၆) တပ်ရင်းနှင့် (၃၅၆) တပ်ရင်းများကို KNLA ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့မှ ၂၀ရက်နေ့တွင် ပထမအကြိမ်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးသွားကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီ၏ လက်နက်ငယ် ၉ လက်၊ (၆၀ မမ) (ကွန်မန်ဒို)ပြောင်း တစ်လက် အပြင် လက်ပစ်ဗုံး၊ ကျည်ဘောက်အပြင် ခဲယမ်းကျည်များ၊ လက်နက်ကြီးကျည်အချို့နှင့် ဆက်စပ် ပစ္စည်းအချို့ကို သိမ်းဆည်းရမိကြောင်းလည်း ကေအဲန်ယူက ပြောသည်။

ထို့အပြင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုနှင့် လေကြောင်းဖြင့် ဗုံးကြဲပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ(၁)ဦး ထိမှန်သေဆုံးကာ (၃)ဦး ဒဏ်ရာ ရရှိခဲ့ပြီး ပြည်သူပိုင်နေအိမ်တချို့လည်း ထိမှန်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူဗဟိုက ဖော်ပြထားသည်။

Photo: KNU

ထို့အပြင် မတ်လ ၂၀ရက်မှ ၂၅ ရက်နေ့အတွင်း နောက်ထပ် စစ်ကူထပ်ပို့လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကို ပူးပေါင်းတပ်ဖွဲ့များက ထပ်မံ စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အချို့ကိုပါ ထပ်မံသိမ်းဆည်းရရှိမိကြောင်း ဆက်လက်ဖော်ပြထားသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့မှစပြီး မြဝတီမြို့နယ်အတွင်းရှိ သင်္ဃန်းညီ‌နောင်မြို့အနီး စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၂)လက်အောက်ခံ (ခမရ -၃၅၅)စခန်းကို KNLA တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ များက တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် (ခမရ-၃၅၆)ကိုပါ ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ရှိ သည့် ဗျူဟာကုန်းကို ဆက်လက်ရရှိရေးအတွက် တိုက်ခိုက်လျက်ရှိသည်။

သို့သော် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် သင်္ဃန်းညီနောင်ဗျူဟာကုန်းတွင် ပြန်လည်စုဖွဲ့၍ ဗျူ ဟာကုန်း မကျရေးအတွက် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန် ခုခံ ကာကွယ်နေခြင်းကြောင့် နှစ်ဖက်တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

အလားတူ စစ်ကောင်စီတပ်ဘက်က တိုက်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားပြည်သူများကို လက်နက် ကြီးများဖြင့် နေစဥ်နှင့်အမျှ ရမ်းသမ်းပစ်ခတ်မှုနှင့် လေယာဥ်များဖြင့်လည်း လိုက်လံ ဗုံးကြဲပစ် ခတ်မှုများကြောင့် အပြစ်မဲ့ ပြည်သူများ ထိမှန်သေဆုံးမှုများရှိသလို အရပ်သား နေအိမ်အများအပြားလည်း မီးလောင်ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိသည်။