Home သတင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရ

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရ

650
Photo: CJ

ဧပြီလ ၂၂ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ် နိုအောလာ ကျေးရွာအုပ်စုထဲတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့က စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု ခရိုင်တာဝန်ရှိသူထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၀ရက်၊ နံနက် ၉ နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထီးနူဘုန်းကြီးကျောင်းဝင်းထဲသို့ စစ်ကောင်စီလေကြောင်း ပစ်ခတ်တိုက်ခိုက်သည့်အတွက် ထီးကျော်ခီးရွာနေ အသက် ၈၁ နှစ် ဖီးသန်းပုနှင့် မယ်သဲရွာနေ အသက် ၁၀ နှစ် အရွယ်နော်ချစ်ချစ်မူတို့နှစ်ဦး ဗုံးစထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြောသည်။

“လေယာဉ်လာတော့ ထီးနူဘုန်းကြီးကျောင်းထဲမှာ သွားပြီးတိမ်းရှောင်တာ အဲဒါဘုန်းကြီးကျောင်းအနီးမှာ ဗုံးကျ တော့ ဗုံးအစက သူတို့နှစ်ဦးကို ထိသွားတာဖြစ်တယ်။ ဘုန်းကြီးကျောင်းလည်း ထိခိုက်မှုရှိတယ်။ ဒေသခံတွေကတော့ သူတို့ရွာမှာပဲနေတယ်။ လေယာဉ်လာတဲ့အချိန်မှာတော့ ခဏသွားရှောင်တာမျိုးတော့ရှိတယ်။ အခုက လေယာဉ်လာပတ်ပြီး နှစ်ရက်အကြာမှာ လာပစ်တာဖြစ်တယ်”ဟု သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ကေအိုင်စီသို့ ပြောသည်။

ဖားအံမြို့နယ် ဟတ္တလက်ကျေးနယ် နိုအောလာကျေးရွာ၊ ဖလံတောင်ရွာအပြင် မဲသနကျေးနယ် ထီးကျော်ခီးနှင့် ထီးနူကျေးရွာများတွင် စစ်ကောင်စီ၏ Y-12 သယ်ယူပို့ဆောင်ရေးလေယာဉ်က အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူဘက်က ပြောသည်။

ပြီးခဲ့သည့် မတ်လ (၂၃)ရက်နေ့ကလည်း သထုံခရိုင် ဘီးလင်းမြို့နယ် မင်းစောကျေးရွာထဲကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ညအချိန်တွင် တိုက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် မင်းစောကျေးရွာ ကော်သူးလေ အလယ်တန်းကျောင်းဆောင်များထိခိုက်ပျက်စီးသည့်အပြင် သာသနိကအဆောက်အဦးနှင့် လူနေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးမှုရှိခဲ့သေးသည်။

မြေပြင် တပ်အင်အားနည်းလာသည့် စစ်ကောင်စီတပ်သည် ကရင်ပြည်နယ်ထဲတွင် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်တိုက်ခိုက်မှုလုပ်ဆောင်လာသည့်အတွက် အရပ်သားထိခိုက်သေဆုံးမှုလည်းများလာကာ ယခုရက်ပိုင်းတွင် မြဝတီထဲတွင်လည်း စစ်ကောင်စီလေကြာင်းတိုက်ခိုက်သည့်အတွက် အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။