Home သတင်း စစ်ကောင်စီ၏လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဓမ္မသကျေးရွာ လူနေအိမ်များ ထပ်မံမီးလောင် ပျက်စီး

စစ်ကောင်စီ၏လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဓမ္မသကျေးရွာ လူနေအိမ်များ ထပ်မံမီးလောင် ပျက်စီး

340
Photo: လူမှုကွန်ရက်

ဧပြီလ ၉ ရက် ၊ ၂၀၂၄ ခုနှစ်။ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာထဲသို့ စစ်ကောင်စီတပ်မှ ယနေ့ ဧပြီလ ၉ ရက်နေ့အထိ လေကြောင်းဖြင့် အပြင်းအထန်ဆက်လက်ဗုံးကြဲတိုက်ခိုက်သည့်အတွက် အရပ်သားပြည်သူများ၏‌ နေအိမ်များ ထပ်မံမီးလောင်ပျက်စီးနေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ သမ္မသရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးအပြင် လေကြောင်း၊ ရေကြောင်းပါ ဆက်လက်တိုက်ခိုက်မှုလုပ်ဆောင်သဖြင့် အရပ်သားပြည်သူများ၏ နေအိမ်များ ထပ်မံမီး လောင်နေရ‌ကြောင်း ဓမ္မသရွာသားတစ်ဦးက ယခုလိုပြောသည်

“လေယာဉ်နဲ့‌ကော စစ်သင်္ဘောနဲ့ကော လာပစ်တယ်။ လက်နက်ကြီးအဆက်မပြတ်ပစ်တော့ ရွာက အရပ်သားအိမ်တွေထပ်ထိပြီးမီးလောင်နေတယ်”ဟု ၎င်းရွာသားက ကေအိုင်စီသို့ ပြောသည်။

ယမန်နေ့က အာဏာသိမ်းဒုတိယစစ်ခေါင်းဆောင်စိုးဝင်း မော်လမြိုင်မြို့သို့ ရောက်ရှိလာ၍ တော်လှန်ရေးတပ်ဖွဲ့မှ ဒရုန်းဖြင့်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ သမ္မသရွာနှင့် အနီးအနားကျေးရွာများတွင် လေယာဉ်ဖြင့်အပြင်းအထန်ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်နေခြင်းဖြစ်ကြောင်းလည်း ဒေသခံရွာသားများက ပြောသည်။

ဒေသခံရွာသားတစ်ဦးက “မနေ့က အာဏာသိမ်းစစ်ခေါင်းဆောင်တွေ မော်လမြိုင်ကိုလာ‌တော့ တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းနဲ့တိုက်ခိုက်တယ်လေ။ စစ်ကောင်စီတပ်တိုက်ခိုက်ခံရ‌တော့ စစ်သင်္ဘောနဲ့၊ ကော ဂျက်လေယာဉ်နဲ့လာပစ်တယ်။ ဒီနေ့ နေ့လည်အထိ လေယာဉ်ကလာပစ်တုန်းပဲ။ ၁၀ ခေါက် လောက်ရှိပြီး ပတ်ပြီးပစ်နေတာ”ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့်မတ်လ မတ်လ ၂၇ ရက်‌နေ့ကလည်း ဂျိုင်းမြစ်အတွင်းရှိ စစ်သင်္ဘောမှ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဓမ္မသကျေးရွာရှိ နေအိမ်အလုံး(၃၀၀)ကျော် မီးလောင်ပျက်စီးခဲ့သေးကြောင်း ကျေးရွာသားများက ပြောသည်။

လက်ရှိ မြေပြင်တိုက်ပွဲတွင် အရှုံးများနှင့်ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်သည် လေကြောင်း ပစ်ကူမှုကို အဓိကအားကိုးလာလျက်ရှိရာ ယမန်နေ့ ည၈နာရီ ဝန်းကျင်တွင်လည်း ကျုံဒိုးမြို့အနီးရှိ ကော့ကျိုက်၊ မိဂလုံ ကျေးရွာထဲသို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် မှုများလုပ်ဆောင်ခဲ့သေးကြောင်း ကျုံဒိုးမြို့ဒေသခံများက ပြောသည်။