မတ်လ ၆ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်မှုကြောင့် သုံးလကျော်သွားလာမှု ပိတ်ထားရသည့် ကော့ကရိတ်-မြဝတီ အာရှကုန်သွယ်ရေးလမ်းမှာ လက်ရှိအချိန်ထိ သွားလာခွင့်မရသေးကြောင်း ဒေသခံ ပြည်သူများက ပြောသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ခဲ့သည့် KNLA ၏ ကော့ကရိတ်မြို့သိမ်းတိုက်ပွဲသည် ယခု မတ်လအထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်မှ အပြင်းအထန် ခုခံကာကွယ်မှုကြောင့် ယနေ့အချိန်ထိ မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ အာရှလမ်းမကြီးကိုလည်း ပိတ်ထား ရဆဲဖြစ်သည်ဟု အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။
၎င်းက”အာရှလမ်းပိတ်ထားတာ သုံးလကျော်နေပြီး အခုထိလည်းသွားလာလို့မရသေးဘူလေ။ ထို့ကော်ကိုး လမ်းပဲသွားလာရတာပေါ့။ မိုးတွင်းဆိုသွားလာရခက်ခဲမယ်။ 4 wheels ကားမှသွားလာလို့ရမယ်”ဟု ကေအိုင်စီ သို့ပြောသည်။
အဆိုပါ ကော့ကရိတ်-မြဝတီအာရှကုန်သွယ်ရေးလမ်းကို အချိန်အတန်ကြာ သွားလာမှုပိတ်ပင် ထား သဖြင့် ထို့ကော်ကိုးလမ်းသို့ ခရီးသွားပြည်သူများပြောင်းလဲအသုံးပြုနေရပြီး လမ်းခရီးကြမ်းတမ်းမှုအပြင် အခွန်အကောက်လည်းများပြီး လာမည့် မိုးတွင်းကာလတွင် သွားလာရေးခက်ခဲလာမည်ကို စိုးရိမ်ကြ ကြောင်းလည်း ယာဉ်မောင်းများက ပြောဆိုသည်။
တိုက်ပွဲများဖြစ်ပွားမှုကြောင့် ကော့ကရိတ်-မြဝတီအာရှလမ်းပေါ် သွားလာမှုပိတ်ထားရခြင်းဖြစ်ပြီး အာရှ လမ်းပြန်ဖွင့်နိုင်ရေးသည် နိုင်ငံရေးအခြေအနေပေါ် မူတည်နေကြောင်း အမည်မဖော်လိုသူ ကေအဲန်ယူ ဒူးပလာယာခရိုင်ခေါင်းဆောင်တစ်ဦးက ယခုလိုပြောသည်။
“အာရှလမ်းပြန်လည်ဖွင့်နိုင်ဖို့ နိုင်ငံရေးအပေါ်မူတည်နေမယ်။ နိုင်ငံရေးအခြေနေကဒီလိုပဲ ဆိုရင် လွယ်လွယ် နဲ့ ပြန်မဖွင့်နိုင်သေးဘူးထင်တယ်။ အခြေအနေပြောင်းလဲမှုရှိရင်တော့ လမ်းက ပြန်ဖွင့်နိုင်တယ်”ဟု ၎င်း ခရိုင်ခေါင်းဆောင်က ကေအိုင်စီ သို့ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့က စတင်ဖော်ဆောင်ခဲ့သည့် ကော့ကရိတ်မြို့သိမ်း တိုက်ပွဲတွင် မြို့၏ ၆၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီးဖြစ်ကြောင်း တော်လှန်ရေး အင်အားစုဘက်က ထုတ်ပြန်ပြောဆိုထားပြီး ယနေ့အချိန်ထိမြို့တွင်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
ယခုလို တိုက်ပွဲကြောင့် ပိတ်ထားရသည့် အာရှလမ်းကို ထိုင်းနိုင်ငံအစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ပြန်ဖွင့် နိုင်သွားရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးမှုမှားရှိကြောင်း သတင်းများ ထွက်ပေါ်လာ သော်လည်း ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
အလားတူ ကော့ကရိတ်မြို့အထွက် အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲတံတားလည်း ဖျက်ဆီးခံထား ရပြီး ကော့ကရိတ်မြို့နယ်ရှိ ဒေသခံပြည်သူများ စားနပ်ရိက္ခာဝယ်ယူရန်အတွက် တစ်ပတ်လျှင် စနေနှင့် ဗုဒ္ဓဟူးနေ့ နှစ်ရက်ကို ကွင်းကလေးကျေးရွာတောလမ်းမှ သွားလာခွင့်ပြုထားကြောင်း ဒေသခံများက ပြောသည်။



















