Home သတင်း မြိတ်မြို့တွင် ပြည်သူ့စစ်ထောက်ပံ့ကြေးဟုဆိုကာ တစ်အိမ်နှစ်သောင်းကျပ် ကောက်ခံနေ

မြိတ်မြို့တွင် ပြည်သူ့စစ်ထောက်ပံ့ကြေးဟုဆိုကာ တစ်အိမ်နှစ်သောင်းကျပ် ကောက်ခံနေ

644
Photo: SAC

မတ်လ ၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်သူ့စစ်ထောက်ပံ့ကြေးအတွက်ဟုဆိုကာ တစ်အိမ်လျှင် နှစ်သောင်းကျပ်နှုန်းဖြင့် ကောက်ခံမှုများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြိတ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှစတင်ပြီး ပြည်သူ့စစ်အဖွဲ့များ ထောက်ပံ့နိုင်ရေးဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင် များက သတ်မှတ်ထားသည့် အိမ်များမှ နှစ်သောင်းကျပ်နှုန်းဖြင့် ကောက်ခံမှုများပြုလုပ်နေကြောင်း မြိတ်မြို့ရှိ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“သတ်မှတ်ထားတဲ့အိမ်ဆိုတာ ပိုက်ဆံတတ်နိုင်တဲ့အိမ်တွေကို ကောက်တာများတယ်။ ရပ်ကွက် တော်တော် များများမှာလည်း အဲ့လိုပြောပြီး လိုက်ကောက်တယ်၊ မထည့်မနေရ ပုံစံမျိုးနဲ့ကို ပေးရတာ။ ချဲဒိုင်တို့ အဲ့လိုလူ တွေက ပေးရတယ်။ ပြီးခဲ့တဲ့ နှစ်ကလည်း အခုလိုပဲ လိုက်ကောက်တာတွေရှိတယ်။” ဟု ကေအိုင်စီသို့ ပြော သည်။

ပြည်သူ့စစ်ထောက်ပံ့ကြေးများကို လကုန်ရက်များတွင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့မှ လာရောက်ကောက်ယူလေ့ရှိပြီး မြိတ်မြို့ပေါ်ရှိ သန်းဖိုရပ်ကွက်၊ ဈေးတန်းရပ်ကွက်၊ အလယ်ကျွန်းရပ်ကွက်၊ မြိတ် တောင် ကျေးရွာအုပ်စုနှင့် ကလွင်ကျေးရွာအုပ်စုများတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှ ဦးဆောင်ကာ ကောက်ခံမှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီ၏ လုပ်ဆောင်ချက်နှင့်ပတ်သက်၍ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၁)မှ တာဝန်ရှိသူ တစ်ဦးက “အခုလို စစ်တပ်ကလုပ်ဆောင်လာတာက ၂၀၂၄ နောက်ပိုင်းမှာ ပိုလုပ်လာတယ်။ ပြီးတော့ စစ်တပ် ဘက်ကလည်း နယ်မြေတွေကို ထိုးစစ်ဆင်တာတွေ မလုပ်ဆောင်နိုင်တော့ဘူး။ မြေပြင်ကနေပဲဖြစ်ဖြစ်၊ ရေကြောင်းကနေပဲ ဖြစ်ဖြစ်အဲ့လိုကိစ္စတွေကြောင့် သူတို့ ပေါ်တာဆွဲတယ်။ လူသားဒိုင်းကာလုပ်တယ်။ ပြည်သူ့ စစ်အဖွဲ့တွေ ဖွဲ့တာ တွေကို ပိုလုပ်ဆောင်လာတာဖြစ်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

တဆက်တည်းတွင် ယခုနှစ်ကျရောက်မည့် အတာသင်္ကြန်အထိမ်းအမှတ်အနေဖြင့် မြိတ်မြို့ရှိ နည်းပညာတက္ကသိုလ်တွင် ကျောင်းသင်္ကြန် မဖြစ်မနေကျင်းပနိုင်ရန်အတွက် ကျောင်းတာဝန်ရှိသူများက ဖိအားပေးလုပ်ဆောင်မှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၀) ရက်နှင့် (၂၉) ရက်နေ့တွင်လည်း ကမ်းရိုးတန်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦးက ထားဝယ်၊ မြိတ်၊ ပလောက်၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့များမှ ပြည်သူ့စစ်ဌာနေ များကို သွားရောက်တွေ့ဆုံပြီး ရိက္ခာနှင့် ချီးမြှင့်ငွေထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ထားချက်အရ သိရသည်။