Home သတင်း သင်္ဃန်းညီနောင် စစ်ဗျူဟာစခန်းမကျစေရေး လေကြောင်းထိုးစစ်အပြင် လေကြောင်းဖြင့် စစ်ကူပို့ဆောင်ပြီး မြေပြင်ပါ ခုခံကာကွယ်နေရ

သင်္ဃန်းညီနောင် စစ်ဗျူဟာစခန်းမကျစေရေး လေကြောင်းထိုးစစ်အပြင် လေကြောင်းဖြင့် စစ်ကူပို့ဆောင်ပြီး မြေပြင်ပါ ခုခံကာကွယ်နေရ

221
Photo: Crd

မတ်လ ၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များ တိုက်ခိုက်ခြင်းခံနေရသည့် မြဝတီ သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းစခန်းကို လေကြောင်းမှ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက် ပစ်ကူပေးနေသလို မြေပြင်မှ ခုခံပစ်ခတ်ရန် ဖားအံတပ်နယ်က စစ်သားစစ်ကူနှင့် လက်နက်ခဲယမ်းများ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်စစ်ကူပေးတိုက်ခိုက်နေရကြာင်း စစ်တပ်နှင့် နီးစပ်သည့် သင်္ဃန်းညီနောင်ဒေသခံများက ပြောသည်။

” ဒီနေ့ ရဟတ်ယာဉ်၂စီးနဲ့ ဖားအံက စစ်ကူ ၂ ကြိမ်လာချတယ် ဗျူဟာကို။ အခုက ၃၅၅ ၊ ၃၅၆ က ဆုတ်ပြီးစစ်သားတွေဗျူဟာမှာ ပေါင်းခုခံနေရတယ်။ အခု ၃၅၇ ပေါလာရွာ၊ သံပုရာ ရွာဘက်မှာ ဆက်တိုက်ခံနေရတာ့ လေယာဉ်က လိုက်ပစ်ပြီး ဗုံးကြဲ ချနေတယ်။ ဗျူဟာကို မကပ်နိုင်၊ မဝိုင်း လာနိုင်အောင် ပတ်ခြာလည် ဒေသခံရပ်ကွက်တွေကို မီးလောင်ပြီး ပြောင်ရှင်းသတ်ကွင်းဖြစ်အောင် လေယာဉ်ဗုံးချပြီး မီးလောင်အောင် လုပ်တာမျိုးရှိနေတယ် ” ဟု စစ်တပ်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။

Photo: Crd

ယနေ့ မတ်လ ၉ ရက်အထိ စစ်တပ်ဘက်က ခြေမြန်တပ်ရင်း -ခမရ ၃၅၅၊ သင်္ဃန်းညီနောင် ရဲစခန်း တို့အား တိုက်ခိုက်ရှင်းလင်းနိုင်ပြီး ယခု ခမရ ၃၅၆၊ ခမရ ၃၅၇ တပ်ရင်းနှင့် စစ်ဗျူဟာစခန်းကုန်းကို ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်လျက်ရှိနေကြာင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များ ပြောစကားအရ သိရသည်။

“ရဲစခန်းနဲ့ ၃၅၅ ကတော့ ဝင်ရှင်းလို့ ရသွားပြီ။ စစ်တပ်‌လေယာဉ်က သူတို့တပ်ရင်း နေရာ ၊ ရဲစခန်း နေရာတွေကို ဗုံးကြဲဖျက်ဆီးပစ်တယ်။ ပြီးတော့ ရပ်ကွက်တွေ၊ တရားစခန်းရိပ်သာတွေ၊ ရေသန့် စက်ရုံတွေကို လေယာဉ် ဗုံးကြဲ ချတယ်။ ဒီနေ့လည်း အရပ်သား ထိခိုက်တာ ၁၀ ယောက်ထပ်ရှိတယ်။ ၁ ယောက်ထပ်ပြီးသေတယ်။ ဇုန်နားက ရေသန့်စက်ရုံဘက်ကို ကျတာမှာ ထိကုန်တယ်။ ဗျူဟာကို မကျဖို့ သူတို့ ကာကွယ်နေတယ်။ ”ဟု စစ်မြေပြင်နှင့် နီးစပ်သည့်သတင်းအရင်းအမြစ်က ပြောသည်။

Photo: Crd

ယခုတိုက်ပွဲ ဖြစ်ပွားနေသည့် ၃ ရက်အတွင်း စစ်တပ်လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေမှု၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက် ဗုံးကြဲမှုများ ဆက်တိုက်လုပ်ဆောင်နေသည့်အတွက် ထိုင်းနိုင်ငံ မဲဆောက်၊ ဖုတ်ဖရတ်၊ မဲ့လမတ်နှင့် ထာ့ဆောင်ယန်းမြို့နယ်ထိစပ်နေသည့် နယ်စပ်လမ်းပိုင်းတစ်လျှောက်တွင် တော်ဝင်ထိုင်း တပ်မတော်နှင့် ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့များ လုံခြုံရေးတိုးမြင့်ချထားပြီး ကင်းလှည့်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။