Home သတင်း နတ်သံကွင်းတွင် လက်နက်ကြီး နေ့စဥ်ပစ်ခတ်ခံရပြီး ဒေသခံများ ၃ လနီးပါး နေအိမ်မပြန်နိုင်သေး

နတ်သံကွင်းတွင် လက်နက်ကြီး နေ့စဥ်ပစ်ခတ်ခံရပြီး ဒေသခံများ ၃ လနီးပါး နေအိမ်မပြန်နိုင်သေး

139

မတ်လ ၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ နတ်သံ ကွင်းဒေသတွင် စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုများ နေ့စဥ်ဆက်ရှိနေပြီး လက်ရှိအချိန်ထိ ဒေသခံများ နေရပ်မပြန်နိုင်သည်မှာ ၃ လနီးပါး ရှိလာပြီးဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက နတ်သံကွင်းမြို့အတွင်းနှင့် အပြင်ရှိ စစ်ကောင်စီတပ်စခန်းများကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ရန် ပစ်ခတ်တိုက်ခိုက် ခဲ့သည်တွင် ဒေသတွင်း တိုက်ပွဲများတကျော့ပြန် ပြင်းထန်လာပြီး ဒေသခံထောင်နှင့်ချီ၍ နေအိမ်မှ တိမ်းရှောင်နေ ရခြင်းဖြစ်သည်။

ထို့အပြင် နေအိမ်ပြန်သူအချို့အား စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးခြင်းအပြင် တော်လှန်ရေးတပ်များရှိနေ နိုင်သည့်နေရာများအား လက်နက်ကြီးရမ်းသမ်းပစ်ခတ်သဖြင့် နတ်သံကွင်းမြို့တွင်း မြို့ပြင်မှ နေအိမ်အများ အပြား ထိခိုက်ပျက်စီးခြင်းလည်းရှိကြောင်း မြို့မှစစ်ရှောင်လာသူများက ပြောသည်။

“အခုတလောလေးပဲ နတ်သံကွင်း(၇)ရပ်ကွက် တစ်ခုလုံး တော်တော်မီးလောင်သွားတယ်။ မြို့ထဲမှစစ်တပ်ရှိတော့ ပြန်ဝင်နေဖို့ကမလွယ်ဘူး။ မီးကနေ့တိုင်းလောင်တယ်။ နေ့တိုင်း တစ်ဗုံးဗုံးတစ်ဒိုင်းဒိုင်းနဲ့ ဘာတွေပစ်နေလဲ မသိ ဘူး။ မြို့ထဲမှာရှိနေတဲ့တပ်က ရပ်ကွက်အစွန်အဖျားထိတော့မလာရဲဘူး။ တော်လှန်ရေးတပ်ရှိနိုင်တဲ့နေရာထင်ပြီး မှန်းပြီးပစ်တာနေမယ်။ ကျနော်တို့လည်း အိမ်မပြန်ရတာ သုံးလပြည့်တော့မယ်။” ဟု နတ်သံကွင်းမှ စစ်ရှောင် လာသူ တစ်ဦးက ပြောသည်။

ညောင်လေးပင်ခရိုင်တစ်ခုလုံးအတိုင်းအတာအနေဖြင့် စစ်ရှောင်သိန်းချီရှိနေသည့်အတွက် အရပ်ဘက်စစ်ရှောင် ကူညီသူ အဖွဲ့များအနေဖြင့် စစ်ရှောင်များ၏လိုအပ်ချက်ကို လက်လှမ်းမမီနိုင်သလို နတ်သံကွင်း စစ်ရှောင်များ မှာလည်း စားသောက်ရေး နှင့် ကျန်းမာရေးအတွက် မိမိတို့အစီအစဥ်ဖြင့်သာ ဖြေရှင်းနေရကြောင်း စစ်ရှောင် များက ပြောသည်။

နတ်သံကွင်းဒေသခံက “ဆေးကတော့ လူကြုံနဲ့ကြိုမှာထားရတယ်။ ပုန်းလျှိူးကွယ်လျှိုးတော့သယ်ရတာပေါ့။ စစ်ဆေးရေးရှောင်တစ်ခင်ဝင်စစ်တယ်။ အခုနောက်ပိုင်းက အမြဲတမ်းဂိတ်မှာမထိုင်ဘူး။ လူတွေကလည်း ကိုယ့် အဆက်အသွယ်နဲ့ချိတ်ပြီးတော့ ဂိတ်နည်းနည်းချောင်ရင် စိတ်ကြိုက်ဝယ်ထား အဲ့လိုလုပ်နေရတယ်။” ဟု ၎င်းက ပြောသည်။

ထို့အတူ မုန်းမြို့နယ်အတွင်းရှိ ရေလဲ၊ နောင်ကုန်း၊ မရမ်းစိန်ကြီး၊ မရမ်းစိန်လေး၊ ငနွားဆိတ်၊ အညာစု၊ အုန်းပင်စု အစရှိသည့် ကျေးရွာများသို့ မတ်လ(၄)ရက်နေ့မှ (၈)ရက်နေ့အထိ စစ်ကောင်စီတပ်က လက်နက်ကြီး နှင့် ပစ်ခတ် ခြင်း အပါအဝင် ဒရုန်းဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ(၇)ဦးသေဆုံး၍ (၁၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကျေးရွာ (၁၈) ရွာမှ လူဦးရေ (၂၀,၀၀၀) နီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း KNU ဗဟိုကလည်း ယမန် နေ့က ထုတ်ပြန်ထားသည်။

KNU အုပ်ချုပ်နယ်မြေများတွင် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ နေရပ်စွန့်ခွာရွှေ့ပြောင်းနေရသူ စုစု ပေါင်း (၇)သိန်းကျော်ရှိနေပြီး ၎င်းတို့အနက် စစ်ရှောင်ဦးရေ ၂ သိန်း ၄ သောင်းကျော်ရှိသည့် ညောင်လေးပင် ခရိုင်တွင် စစ်ဘေးရှောင်အများဆုံးဖြစ်ကြောင်း KNU နှင့် ကရင်အရပ်ဖက်အဖွဲ့များ၏ မှတ်တမ်းကောက်ခံချက် အရ သိရသည်။