Home သတင်း လူသားချင်းစာနာမှုအကူအညီများအား နယ်ခံစစ်ရှောင်ကူအဖွဲ့များနှင့် ပူးတွဲလုပ်ဆောင်ပါက လူထုလက်ဝယ် ရောက်ရှိမည်ဖြစ်ကြောင်း CIDKP ပြော

လူသားချင်းစာနာမှုအကူအညီများအား နယ်ခံစစ်ရှောင်ကူအဖွဲ့များနှင့် ပူးတွဲလုပ်ဆောင်ပါက လူထုလက်ဝယ် ရောက်ရှိမည်ဖြစ်ကြောင်း CIDKP ပြော

156
Photo-Crd

မတ်လ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြန်မာစစ်ဘေးရှောင်များအတွက် ထိုင်းနိုင်ငံဘက်မှ မတ်လ(၂၅)ရက်နေ့က ပထမအသုတ်အဖြစ် နယ်စပ်ဖြတ် ကျော်ပေးပို့လာသော လူသားချင်းစာနာမှုအကူအညီများအား ဒေသအတွင်းရှိ နယ်မြေခံအဖွဲ့များနှင့် ပူးတွဲလုပ် ဆောင်ပါက လူထုလက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိမည်ဖြစ်ကြောင်း ပြည်တွင်းနေရပ်စွန့်ခွာရသူ ကရင်ပြည်သူများ ဆိုင်ရာကော်မတီ-CIDKP က ပြောသည်။

ယမန်နေ့က မြန်မာစစ်ဘေးရှောင်များအတွက် ဆန်နှင့်ရိက္ခာများအိတ်များအား ထိုင်းကြက်ခြေနီအဖွဲ့မှ ပထမ အသုတ်အနေဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်-မြဝတီကုန်သွယ်ရေးဂိတ်မှတဆင့် မြန်မာကြက် ခြေနီအဖွဲ့ထံ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

လူသားချင်းစာနာမှုအကူအညီထောက်ပံ့ရေးအပိုင်းတွင် CIDKP အပါအဝင် ကရင်အရပ်ဘက်အဖွဲ့များထံ ချိတ် ဆက်လုပ်ဆောင်လာမှုမရှိသော်လည်း နယ်မြေခံအခြားစစ်ရှောင်ကူအဖွဲ့များနှင့် ပူးတွဲဆောင်ရွက် သွားမည် ဆိုပါက အကူအညီအမှန်တကယ်လိုအပ်နေသူများထံ တိုက်ရိုက်ရောက်ရှိမည်ဖြစ်ကြောင်း CIDKP ၏ ဒု-တာဝန်ခံ စောခဲလေ ပြောဆိုသည်။

၎င်းက “နယ်မြေမှာ CIDKP တင်မဟုတ်ပါဘူး။ အခြားအဖွဲ့တွေနဲ့စုဖွဲ့ပြီးလုပ်ဆောင်ကြတာပါ။ အကယ်၍ ဒီအဖွဲ့ တွေမဟုတ်ရင်တောင် အခြားနယ်မြေခံအဖွဲ့တွေနဲ့လုပ်ကိုင်မယ်ဆိုရင်တော့ လိုအပ်တဲ့သူတွေဆီ တိုက်ရိုက် ရောက်မှာပါ။ အခုကတော့ တခြားခေါင်းကြီးပိုင်းတွေ၊ လက်နက်ကိုင်တွေနဲ့ သူတို့ဘာသာသူ တို့ချိတ်ပြီးလုပ်သွား တဲ့သဘောပေါ့။ အဲဒီမှာ မြန်မာကြက်ခြေနီအဖွဲ့လည်းပါသွားတယ်ဆိုတော့ ကျန်တဲ့သူတွေက တာဝန်ယူ၊ တာဝန်ခံမှုအပိုင်းတွေ ဆက်ဆောင်ရွက်သွားမယ်လို့မျှော်လင့်ရတာပါပဲ။” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါရိက္ခာများအား ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေ ကရင်ပြည်နယ်အတွင်းရှိ စစ်ရှောင် နေရာများသို့ ပေးပို့သွားရန်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်ချက်အရ သိရှိရသည်။

Photo- Crd

ထိုင်းနိုင်ငံအနေဖြင့် လူသားချင်းစာနာမှုအကူအညီအတွက် စစ်ကောင်စီအုပ်ချုပ်မှုအောက်ရှိ မြန်မာ့ ကြက်ခြေနီအဖွဲ့နှင့် ဆက်လက်လုပ်ကိုင်နေပါက စိုးရိမ်စရာဖြစ်နိုင်ကြောင်း စောခဲလေက ယခုလို ဆက်လက်သုံးသပ်သည်။

“ကျနော့်ခေါင်းထဲမှာအခုထိမရှင်းတာတစ်ခုက မြန်မာကြက်ခြေနီက ဘယ်လိုဖြစ်လို့ပါလာသလဲပေါ့ ၊ သူတို့ အနေနဲ့က ဒေသအခြေအနေလည်းဘာမှသိတာမဟုတ်ဘူး။ ဘာဖြစ်လို့ကန့်လန့်ကြီးပါလာသလဲဆိုတာ နားမ လည်ဘူး။ အကယ်၍ သူတို့ရှေ့ဆက် မြန်မာ့ကြက်ခြေနီနဲ့ဆက်ပြီးလုပ်ကိုင်နေဦးမယ်ဆိုရင်တော့ စိုးရိမ်စရာတော့ရှိတာပေါ့နော်။” ဟု စောခဲလေက ဖြည့်စွက်ပြောဆိုသည်။

ထို့အပြင် လူသားချင်းစာနာမှုအကူအညီများစွာ လိုအပ်နေသော ကရင်ပြည်နယ်တွင် ယနေ့အချိန်အထိ လက်နက်ကိုင်တိုက်ပွဲပဋိပက္ခများ ဖြစ်ပွားနေသည့်အပြင် စစ်ဘေးရှောင်အများစုသည်လည်း တိုင်းရင်း သားလက်နက်ကိုင်များ ထိန်းချုပ်ရာ နယ်မြေအတွင်း ရောက်ရှိနေသဖြင့် စစ်ကောင်စီလက်အောက်မှသွားသော ထိုင်းနိုင်ငံ၏ထောက်ပံ့မှုက ထိရောက်မှုအားနည်းနိုင်ကြောင်း အရပ်ဘက်စစ်ရှောင်ကူများကလည်း သုံးသပ်ပြောဆိုကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းက လာအိုနိုင်ငံတွင် ပြုလုပ်ပြီးစီးခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးတွင် မြန်မာကြက်ခြေနီအဖွဲ့နှင့်ပြုလုပ်မည့် လူသားချင်းစာနာမှုအစီအစဥ်ကို ထိုင်းနိုင်ငံဘက်က အတည်ပြုခဲ့ခြင်းဖြစ်ပြီး ၎င်းတွင်ထိုင်းနိုင်ငံဘက်က ဦးစီး၍ နှစ်နိုင်ငံနယ်စပ်တွင် လူသားချင်းစာ နာမှုစင်္ကြံ တည်ဆောက်မည့် ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခပိုမိုပြင်းထန်လာသော မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ စစ်ဘေးရှောင် ပြည်သူ ၃ သန်းနီးပါးရှိသည့်အနက် ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်သည့်နယ်မြေများတွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၇ သိန်းကျော်ရှိနေကြောင်း KNU က ကောက်ခံထားသော စာရင်းများအရ သိရသည်။