Home သတင်း စစ်ကောင်စီ စစ်ကြောင်းထိုး၍ ရွှေကျင်မြို့နယ်ရှိ ကျေးရွာ(၅)ရွာမှ ဒေသခံ(၆,၀၀၀)ခန့် ရှောင်တိမ်းနေရ

စစ်ကောင်စီ စစ်ကြောင်းထိုး၍ ရွှေကျင်မြို့နယ်ရှိ ကျေးရွာ(၅)ရွာမှ ဒေသခံ(၆,၀၀၀)ခန့် ရှောင်တိမ်းနေရ

778

ဧပြီလ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးအသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃) နယ်မြေ၊ ခလယ်လွီထူ (ညောင် လေးပင်)ခရိုင်၊ ဆောထိ(ရွှေကျင်) မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ စစ်ကြောင်းထိုးဝင် ရောက်လာသောကြောင့် ရွာ(၅)ရွာမှာ ဒေသခံ(၆,၀၀၀)နီးပါး တိမ်းရှောင် နေရကြောင်း ကေအဲန်ယူဗဟိုမှ ယနေ့တွင် သတင်းထုတ်ပြန်သည်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့်ဧပြီလ(၂၆)ရက်နေ့မှစတင်ပြီး ကေအဲန်ယူ ထိန်းချုပ်ရာ ဆောထိ(ရွှေကျင်) မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ကျေးရွာ (၅)ရွာမှာ အိမ်ထောင်စု(၁,၁၄၈)စုမှ ဒေသခံစုစုပေါင်း(၅,၈၁၉)ဦးခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ညောင်လေးပင်ခရိုင်၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောအဲဖိုးက “လောလောဆယ် ဒေသခံတွေက နီးစပ်ရာ ရွာတွေ မှာရှောင်နေတယ်။ တောမှာ ရှိတဲ့စစ်ရှောင်စခန်းတွေမှာ ရှောင်နေကြတာ မျိုးလည်းရှိတယ်။ စစ်ရှောင်နေကြ တာကတော့ နေရာတွေတော့ မတူကြဘူးပေါ့။ အခုထိ စစ်တပ်ဘက်က စစ်ရေးလှုပ်ရှား မှုတွေရှိတုန်းပဲ။ စစ်ကြောင်းထိုးတဲ့အထဲမှာ တပ်မ(၂၂)တို့တပ်မ(၄၄)တို့ပါတယ် သိရသလောက်တော့။ စစ်ကောင်စီအင်အားက ခန့်မှန်းခြေအရ အင်အား(၅၀၀)ကျော် လောက်ရှိတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ စစ်ကောင်စီ၏ စစ်ကြောင်းထိုးလာမှုကြောင့် ကျောက်တန်း၊ အင်္ဂနီ၊ သရက်ချောင်း၊ ပဇင်းပင်ကျောက်ပုံစိတ် နှင့် ရုံးဒိုင်း စသည့် ကျေးရွာ(၅)ရွာမှ ဒေသခံများ ထွက်ပြေး တိမ်းရှောက် နေကြရခြင်းဖြစ်သည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ရာ လမ်းတစ်လျှောက်တွင် ဒေသခံပြည်သူများအား လူသားဒိုင်းအသုံးပြုခြင်း၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် ကျေးရွာများ အတွင်း ရမ်းသမ်းပစ်ခတ်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးခြင်းများလုပ်ဆောင်သောကြောင့် ယခုလို ဒေသခံများ ဘေးလွှတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်သည်ဟုလည်း ကေအဲန်ယူက ပြောဆိုသည်။