Home သတင်း မြဝတီရှေ့တန်းရုံးသို့ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တပ်ဖွဲ့ဝင်များ လာရောက်ပို့ဆောင်နေ

မြဝတီရှေ့တန်းရုံးသို့ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တပ်ဖွဲ့ဝင်များ လာရောက်ပို့ဆောင်နေ

595
Photo: CJ

ဧပြီလ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၄ရပ်ကွက်ရှိ ရှေ့တန်းရုံးနေရာသို့ စစ်ကောင်စီတပ်က ၎င်းတို့ တပ်ဖွဲ့ဝင်များကို စစ်ရဟတ်ယာဉ်ဖြင့် ၂ ကြိမ် ယနေ့ လာရောက်ပို့ဆောင်ခဲ့သည်ဟု မြို့ခံများက ကေအိုင်စီသို့ ပြောသည်။

ကိုယ်တိုင်မြင်တွေ့ခဲ့သူ မြို့ခံတစ်ဦးက “ဒီနေ့ မနက် ၁၁ နာရီ ၃၅ မိနစ်မှာ တစ်ကြိမ်၊ ဒီနေ့ ညနေ ၄ နာရီ မိနစ် ၂၀မှာ တစ်ကြိမ် လာပို့သွားတယ်။ တစ်ခါလာပို့ရင် လူအယောက် ၂၀ကျော်ရှိတယ်။ လက်နက်ခဲယမ်း အပြည့်အစုံပဲ။ ၅ မိနစ်လောက် ဆင်းသက်ပြီး ပြန်တက်သွားတယ်။”ဟု ပြောသည်။

ထိုသို့ တပ်ဖွဲ့ဝင်များ လာရောက်ပို့ဆောင်ချပေးရာတွင် လူချပေးသည့် စစ်ရဟတ်ယာဉ်အတွက် Mi35 တိုက်ခိုက်ရေးယာဉ်က လုံခြုံရေးအတွက် ဝေဟင်မှ ကင်းပတ်ပျံသန်းပေးခဲ့သည်ဟုလည်း မြို့ခံများက ပြောသည်။