Home သတင်း ရွှေကုက္ကိုလ်မြို့ရှိ ကျားဖြန့်ငွေလိမ်လုပ်ငန်းများ မြို့အပြင်နှင့် မြဝတီမြို့ဘက်သို့ ပြောင်းရွှေ့လုပ်ကိုင်နေ

ရွှေကုက္ကိုလ်မြို့ရှိ ကျားဖြန့်ငွေလိမ်လုပ်ငန်းများ မြို့အပြင်နှင့် မြဝတီမြို့ဘက်သို့ ပြောင်းရွှေ့လုပ်ကိုင်နေ

149
Photo: CJ

မတ်လ ၁၈ ရက်၊၂၀၂၄ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ခြမ်း ရွှေကုက္ကိုလ်မြို့ရှိ တရုတ်နိုင်ငံသားများ ဦးစီး လုပ်ကိုင်နေသည့် ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းအများစုကို မြို့အပြင်နေရာများနှင့် မြဝတီမြို့ဘက် တွင် ပြောင်းရွှေ့ လုပ်ကိုင်နေကြကြောင်း ထိုလုပ်ငန်းနှင့်နီးစပ်သည့် ဒေသခံသတင်းအရင်းအမြစ်ထံမှ သိရသည်။

ရွှေကုက္ကိုလ်မြို့တွင် လျှပ်စစ်မီး၊ ရေနှင့် အင်တာနက်များ ဖြတ်တောက်ခံထားရ၍ ကျားဖြန့် ကုမ္ပဏီမှ လုပ်ငန်းဦးစီးသူ တရုတ်နိုင်ငံသားများက ၎င်းတို့၏ အလုပ်သမားများနှင့်အတူ မြို့အပြင်နှင့် မြဝတီ မြို့ဘက်သို့ ပြောင်းရွှေ့လုပ်ကိုင်နေသည့် အခြေအနေနှင့်ပတ်သက်၍ လုပ်ငန်းနှင့် နီးစပ်သည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“အွန်လိုင်းကာစီနိုလုပ်ငန်းတွေတော့ နည်းနည်းတော့ အလှမ်းဝေးသွားတယ်။ ကုက္ကိုလ်မြို့ထဲမှာမဟုတ် တော့ဘူး။ သူတို့က မြို့အပြင်ဘက်ကို ပြန်ရွှေ့လိုက်တယ်။ မြဝတီဘက်ကိုလည်း ရွှေ့သွားကြတာ။ ကုက္ကိုလ်မှာ လုပ်ငန်းက မကုန်တကုန်ပဲ။ ကာစီနိုအသေးတွေလောက်ပဲကျန်တော့တယ်။ ကျန်တာက မြဝတီဘက်နဲ့ မြို့အပြင်ဘက်ကိုရောက်ကုန်ပြီး။ ဒီကကောင်လေးတွေ အလုပ်သွားလုပ်ကြတယ်။”ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။

ရွှေကုက္ကိုလ်မြို့တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းအများစု ရပ်နားထားလိုက်သော်လည်း မြို့အတွင်းမှာ အထပ်မြင့်အဆောက်အဦးများ တိုးချဲ့ဆောက်လုပ်နေဆဲဖြစ်ပြီး စက်မှုဇုန်လုပ်ငန်းနှင့် အထည်ချုပ်ရုံများအဖြစ် ပြန်လည်ပြုလုပ်သွားမည်ဟုလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ထို့အပြင် ရွှေကုက္ကိုလ်မြို့အပြင်နှင့် မြဝတီဘက်သို့ ပြောင်းရွှေ့သွားသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းမှ အလုပ်သမားများကိုလည်း အတင်းအဓမ္မခိုင်းစေမှုများပြုလုပ်ခံနေရကြောင်း အမည်မဖော်လိုသူ အွန်လိုင်းငွေလိမ်လုပ်ငန်းအလုပ်သမားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ကုက္ကိုလ်က သူဌေးက ငါတို့ကို မြဝတီဘက်မှာရွှေ့မယ်ပြောပြီး ခေါ်သွားတယ်။ ဒါပေမဲ့ မြဝတီ မှာက သူတို့ပေးတာနဲ့ခိုင်းတာက မတန်တော့ဘူး။ အခန်းကျဉ်းထဲမှာ စုပြီးနေရတယ်။ အိမ်တွေ ငှားပေးတာလည်းရှိတယ်။ သွားလုပ်မနိုင်ဘူး အလုပ်ပင်ပန်းတယ်။ သူတို့ကျွေးသလိုစားရတာလည်းအဆင်မပြေဘူး” ဟု ပြော သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ တောင်ဘက် မယ်ထော် သလေးကျေးနယ်ရှိ (KK Park) တရုတ်ကာစီနို မြို့ကွက်သစ်နေရာမှ လူကုန်ကူးခံထားရသူ တရုတ်နိုင်ငံသား (၁၅၀)ဦးကို နယ်စပ်ကုန်သွယ်ရေး တံတားအမှတ်-၂ တွင် စစ်ကောင်စီလူ ဝင်မှုကြီးကြပ်ရေးဌာနက မဲဆောက် အာဏာပိုင်များဘက်ကို လွှဲပြောင်းပေးခဲ့သေးသည်။

၎င်းအပြင် ရွှေကုက္ကိုလ်မြို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် ကာစီနိုလုပ်ငန်းကုမ္ပဏီအများစုသည် လုပ်ငန်း ရပ်တန့်မှု၊ နေရာပြောင်းရွှေ့ မှုများကြောင့် တချို့တရုတ်လူမျိုးများသည် လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီး ယားဘက်သို့ ပြောင်းရွှေ့ လုပ်ကိုင်သွားကြကြောင်းလည်း ယင်းလုပ်ငန်းနှင့် နီးစပ်သူများက ပြောသည်။

ထိုသို့ အွန်လိုင်းငွေလိမ်ကျားဖြန့်လုပ်ငန်းများ လည်ပတ်မှုနည်းပါးခြင်းနှင့် လုပ်ငန်း နေရာပြောင်းရွှေ့ခြင်းအပြင် ကုမ္ပဏီများဖျက်သိမ်းလိုက်ခြင်းကြောင့် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိ လာသည့် ရွှေ့ပြောင်းလုပ်သားများအတွက် ခက်ခဲမှုများရှိလာသည်ဟုလည်း ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတစ်ဦးက ပြောသည်။

“ရွှေကုက္ကိုလ်မှာတရုတ်တွေမရှိတော့ဘူး။ မြန်မာတရုတ်တွေလည်းမရှိဘူး။ အလုပ်တွေ အရင်က လောက်ရှာရ မလွယ်ဘူး။ တိုက်တွေ မြို့ပြင်မှာဆောက်နေတာတွေ့တယ်။ ကျမတောင်ပြန်ရခက်လို့ ဖရဲသီးလိုက်ရောင်းနေရတယ်” ဟု ထိုအမျိုးသမီးက ကေအိုင်စီသို့ ပြောသည်။

ရွှေကုက္ကိုလ်မြို့ကို ထိန်းချုပ်ထားသည့် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF၊ တပ်နယ် အားလုံး စစ်ကောင်စီလက်အောက်မှ ခွဲထွက်ပြီး ကရင်အမျိုးသားတပ်မတော် (Karen National Army -KNA)အဖြစ် ပြောင်းလဲဖွဲ့စည်းရပ်တည်ရန် ဆုံးဖြတ်ထားကြောင်း ပြောဆိုထားသည့်အတွက် ရွှေကုက္ကိုလ်တွင် စစ်ရေးပဋိပက္ခဖြစ်ပွားလာမည်ကိုလည်း စိုးရိမ်နေကြရသည်ဟု ဒေသခံများက ပြောသည်။