Home သတင်း ပြည်သူ့စစ်မှုထမ်းရန် လိုက်လံစည်းရုံးပါက ထိရောက်စွာအရေးယူမည်ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစု ထုတ်ပြန်

ပြည်သူ့စစ်မှုထမ်းရန် လိုက်လံစည်းရုံးပါက ထိရောက်စွာအရေးယူမည်ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစု ထုတ်ပြန်

134
Photo: KRF

မေလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဆောင် ရွက်နေသူများအားလုံးကို ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု -KRF က ယနေ့သတင်းထုတ်ပြန်လိုက်သည်။

စစ်ကောင်စီက မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုခေါ်ယူကာ စစ်မှုထမ်းရန်အတွက် တစ်ရွာလျှင် လူငယ် ၁၀ ဦးစီ စာရင်းပေး စုဆောင်းရမည်ဟု ညွှန်ကြားခဲ့ခြင်းကို ဆယ်အိမ်မှူး၊ ရာအိမ်မှူးများအနေဖြင့် ပူးပေါင်း လုပ်ဆောင်ပါက စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ပြီး အရေးယူသွားမည်ဟု KRF ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ အဲဒီလို လိုက်ဆွဲဖို့ ပါဝင်ကူညီပေးသူ မည်သူ့ကိုမဆို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး ထိထိ ရောက် ရောက် အရေးယူသွားမှာပါ။ လူငယ်တချို့ ပါသွားတယ်လို့ ကြားသိရပေမယ့် အတည်မပြုနိုင်ပါ ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းထုတ်ပြန်လိုက်ပြီးနောက် မြို့ပေါ်ရှိ လူငယ်အများအပြားသည် ပြည်ပနိုင်ငံနှင့် နီးစပ်ရာလွတ်မြောက်နယ်မြေသို့ ထွက်ပြေးတိမ်းရှောင်မှုများ ပြုလုပ်ကြသူများလည်းရှိသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီတပ်က အကောင်အထည်ဖော်နေပြီး နိုင်ငံ၏ တိုင်းဒေသနှင့် ပြည်နယ်အချို့ တွင်လည်း လူစာရင်းကောက်ယူ မှုများ ပြုလုပ်နေကာ စစ်မှုထမ်းရန် ငြင်းဆန်သူများကိုလည်း ငွေကြေးအဆမတန် တောင်းခံမှုများ ပြုလုပ်နေသည်ဟုလည်း ဒေသခံများက ပြောဆိုသည်။

အလားတူ နယ်မြေဒေသအသီးသီးရှိ တော်လှန်ရေး အဖွဲ့အစည်းများကလည်း စစ်ကောင်စီ၏ မတရား စစ်မှုထမ်း ကောက်ယူမှုကို ဆန့်ကျင်ကြပြီး နီးစပ်ရာအဖွဲ့အစည်းများတွင် လာရောက်ပူးပေါင်း ပါဝင်တော်လှန် ကြရန်လည်း အသီးသီး ဖိတ်ခေါ်မှုများ ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။