မတ်လ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းသုံးတိုက်ခိုက်မှုများကြောင့် အမျိုးသမီး ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၃၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ-MSFC က ယမန်နေ့တွင် သတင်း ထုတ်ပြန်သည်။
စစ်ကောင်စီက ရေးမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ အခြားသောကျေးရွာများသို့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ပြည်သူအရေအတွက်က ပိုများပြီး လက်နက်ကြီးအပါအဝင် လေကြောင်းမှတိုက်ခိုက်မှုကြောင့်သံဖြူဇရပ်နှင့်ကျိူက်မရောမြို့နယ်တို့မှ အမျိုးသမီး(၂)ဦး အသက်သေဆုံးသည်အထိ ဖြစ်ပွားခဲ့သည်ဟု MSFC ၏ ထုတ်ပြန်ပြောဆိုမှုအရ သိရသည်။
အလားတူ ပဋိပက္ခကြောင့် မွန်ပြည်နယ်တွင် ထိုလအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ (၃,၀၀၀) ခန့်ရှိနေပြီး ၎င်းအနက် ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ နှစ်ဖက်တိုက်ပွဲအကြား စစ်တပ်ကလေကြောင်းနှင့် လက်နက်ကြီးသုံး ပစ်ခတ်သဖြင့် ထွက်ပြေးတိမ်းရှောင်ရသူ (၂,၀၀၀)ကျော်ရှိနေသည်ဟု MSFC က ဆိုသည်။
“အဓိက တိမ်းရှောင်ရတာက ဝင်းတာပန်အုပ်စုပါ။ တိုက်ပွဲတွေလည်း အခုထိဆက်ဖြစ်နေတယ် ၊ စစ်ကြောင်းလည်း ထိုးနေတယ်။ ရေးမြို့နယ် ကျုံလောင်းရွာဘက်မှာလည်း ပစ်ခတ်မှုကြောင့် တချို့တွေထွက်ပြေးရတယ်။ အိမ်ပြန်လို့မရသေးဘူး။ နောက်ဆုံးကြားရတာ ဆိုရင် ရွာသားတွေ တိမ်းရှောင်တဲ့နေရာကိုတောင် စစ်ကြောင်းတွေထိုးတယ်၊ လက်နက်ကြီးတွေပစ်လို့ တစ်နေရာကနေ နောက်တစ်နေရာကိုရွှေ့နေရတဲ့သဘောမျိုးရှိတယ်” ဟု MSFC အုပ်ချုပ်ရေးကော်မတီဥက္ကဌ နိုင်မွန်စိုင်းက ပြောသည်။

ထို့အတူ မွန်ပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင်လည်း စစ်တပ်၏ စစ်မှုထမ်းဥပဒေထွက်ပေါ်လာပြီးနောက်ပိုင်း လမ်းသွားလူငယ်များအား ဖမ်းဆီး ငွေညှစ်ခြိမ်း ခြောက်ခြင်းတို့ လုပ်ဆောင်နေသဖြင့် မြို့ပြလူနေမှုဘဝလည်း လုံခြုံမှုမရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။
လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများနှင့်ပတ်သက်၍ နိုင်မွန်စိုင်းက “စစ်တပ်ကအာဏာ သိမ်းပြီးတဲ့နောက်ပိုင်း ဒေသတော်တော်များများမှာ တော်လှန်ရေးအဖွဲ့အစည်းတွေက ပြန်လည်တိုက်ခိုက်တာတွေ စစ်အာဏာရှင်တိုက်ဖျက်ရေးမှာ ပါဝင်လာတာတွေ့တော့ ဒေသခံပြည် သူတွေက တော်လှန်ရေးအဖွဲ့တွေကို မထောက်ခံရဲရအောင် ဖြတ်လေးဖြတ်ပုံစံမျိုးနဲ့ ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုကိုခြိမ်းခြောက်သတ်ဖြတ်တာဖြစ်တယ်လို့ ကျနော်မြင်တယ်။” ဟု သုံးသပ်သည်။
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကလည်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက မြန်မာပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး-ICC သို့ လွှဲပြောင်းရန်အချက်ပါဝင်သည့် အချက်(၅)ချက်ပါ အစီရင်ခံစာအား ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလပိုင်းကပြုလုပ်ခဲ့သည့် UN လူ့အခွင့်အရေးညီလာခံသို့ တင်သွင်းအကြံပြုခဲ့သေးသည်။



















